ဖုန်ရှုနေရသည့် တာချီလိတ်မြို့တွင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါခံစားရသူ အချို့၌ ဆိုင်ရာနိုက်ဓါတ် စစ်ဆေး တွေ့ရှိ

ဖုန်ရှုနေရသည့် တာချီလိတ်မြို့တွင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါခံစားရသူ အချို့၌ ဆိုင်ရာနိုက်ဓါတ် စစ်ဆေး တွေ့ရှိ

 မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုနှင့်အတူ ရွှံ့နွံဖုံးလွှမ်းမှု၏ နောက်ဆက်တွဲအနေဖြင့် ရွံ့နွံများကနေ ဖုန်များဖြစ်ပေါ်လာနေပြီး နေ့စဉ် ဖုန်ရှုနေရ သလို ဖုန်ကနေ တဆင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသူ များပြားနေရာ အချို့ သူများ၏ အသက်ရှုလမ်းကြောင်းတွင် ဆိုင်ရာနိုက်ဓါတ်များ တွေ့ရှိနေရကြောင်း ထိုင်းဘက် ဆေးစစ်ဆေးချက်အရ သိရသည့်အတွက်  Mask တပ်ကြရန် ဒေသခံများ အချင်းချင်း အသိပေးနေကြရကြောင်း သိရသည်။

"ကလေးတစ်ယောက် နှာစေးတာ တစ်ပတ်ကျော်အထိ မသက်သာလို့ မယ်ဆိုင်ဘက် သွားပြလိုက်တော့ သူတို့က အစုံစစ်ဆေးပေးတယ်။ နှာခေါင်းထဲကို ကိုဗစ် စစ်သလိုမျိုးလည်း စစ်တယ်။ အဖြေကို သိရဖို့ နောက်ရက် ပြန်ချိန်းတယ်။ အဲ့အခါမှာ စစ်ဆေးချက် အဖြေအရ အသက်ရှုလမ်းကြောင်း(နှာခေါင်း)မှာ ဆိုင်ရာနိုက်(Cyanide)တွေ့လို့ ပြင်းထန်အဆင့် သတ်မှတ်ပြီး ပိုးသတ်ဆေး သောက်ဆေး နဲ့မရလို့ ဆေးကို (၃)ရက်ဆက်တိုက် ထိုးလိုက်ရတယ်။ အခုတော့ အဲ့ကလေးလည်း သက်သာလာပါပြီ"ဟု ဒေသခံ တစ်ဦးက ပြောပြသည်။

အသက်ရှုလမ်းကြောင်း(နှာခေါင်း)မှာ ဆိုင်ရာနိုက်(Cyanide)ဓါတ် စစ်ဆေးတွေ့ရှိကြောင်းကို ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုက လူနာမိသားစုကိုသာ ပြောကြားထားခြင်း ဖြစ်သော်လည်း အများပြည်သူ သတိထားရန် သတင်းထုတ်ပြန်ထားခြင်းမျိုးမဟုတ်ဟု သိရသည်။

ဆိုင်ရာနိုက်(Cyanide)မှာ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် လူကိုအန္တရာယ်ဖြစ်စေသော ဓာတုတစ်မျိုးဖြစ်ပြီး ဆိုင်ရာနိုက်များပါရှိသည့် နုန်းမြေများမှာ စက်တင်ဘာလအတွင်းက အကြီးစား ရွှေတူးဖော်ရေး လုပ်ငန်းများကနေ  မိုင်းဆတ်နှင့်တာချီလိတ်အကြား ရေကြီးရေလျှံမှုနှင့်အတူ တဟုန်ထိုးမျောပါလာပြီး တာချီလိတ်မြို့တွင်း၌ တင်ကျန်ခဲ့ရာ အချို့သော အနိမ့်ပိုင်းနေရာများတွင် (၁၀)ပေကျော်သည်အထိ ရွံ့နွံနုန်းများ ဖုံးလွှမ်းခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ရွှံ့နွံနုန်းများကနေ အကြွင်းအကျန် နှင့် လမ်းပေါ် တင်ကျန်ရစ်သည့် အကြွင်းအကျန်များကနေ ယခုအခါ ဖုန်များအဖြစ် ပြောင်းလဲသွားပြီး မြို့တွင်းသွားလာနေသူများမှာ ဖုန်များကို မဖြစ်မနေ ရှုနေရသည့် အခြေအနေနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကစပြီး တာချီလိတ်မြို့ နှင့် မယ်ဆိုင်မြို့တို့တွင် အဆိုးရွားဆုံး ရွှံ့နွံများ ဖုံးလွှမ်းခဲ့ရခြင်းသည် သတ္တူတူးဖော်မှုများ၏ အကျိုးဆက်ဖြစ်ပြီး ရွှေနှင့်သတ္တုတူးဖော်ရာမှ ဖြစ်ပေါ်လာသည့် စွန့်ပစ်ပစ္စည်းများသည် မြစ်အတွင်းသို့ စီးဝင်မှုများရှိသလို ဖုံးလွှမ်းထားသည့် ရွှံ့နွံများ၌ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆိုင်ယာနိုက်(Cyanide) အဆိပ်ရှိ ဓါတုပစ္စည်းများ ပါဝင်နေကြောင်းကိုလည်း   ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ( Shan Human Rights Foundation - SHRF ) က ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၂၇)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသေးသည်။

တာချီလိတ်ဘက် ဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံဆေးခန်းများက အသက်ရှုလမ်းကြောင်းဆိုင်ရာ လူနာများကို ယခုလို ဖြစ်ပွားနေခြင်းသည် ဖုန်ကြောင့်ဖြစ်သည့်အတွက် Mask တပ်ရန်သာ ဖြစ်ကြောင်းနှင့် ကျန်းမာရေးအသေးစိတ် စစ်ဆေးပေးလေ့မရှိကြောင်း သိရသည်။

"ကလေးတစ်ယောက်တော့ ချောင်းဆိုးတာ ရက်ကြာတော့ အဆုတ်ရောင်တယ်လို့ပဲ ပြောတယ်။ တာချီလိတ်က ဆေးခန်းမှာပဲ ပြတာ။ အဆုတ်ရောင်နေတဲ့ ကလေးကတော့ အခုထိ မသက်သာသေးလို့ ဆေးထိုးနေရဆဲပဲ။ ပိုးသတ်ဆေးကို ဆက်တိုက် ထိုးနေရတယ်"ဟု ဒေသခံတစ်ဦးက နိုဝင်ဘာလ(၂၇)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကစပြီး ရေကြီးရေလျှံမှုနှင့်အတူ အဆိုးရွားဆုံး ရွှံ့နွံဖုံးလွှမ်းမှုဖြစ်ခဲ့ရာမှတဆင့် ရွှံ့နွံများကို ရှင်းလင်းသယ်ဆောင်ရာ လမ်းကြောင်းတလျှောက်တွင် လမ်းပေါ်၌ ပြုတ်ကျ ကျန်ခဲ့ပြီး ခြောက်သွေ့သွားရာကနေ ဖုန်အဖြစ် ဖြစ်ပေါ်လာပြီးနောက် လေထုထဲတွင် ဖုန်များ ဖုံးလွှမ်းနေခြင်းဖြစ်သည်။

"ရေကြီးရေလျှံဖြစ်သွားပြီးတဲ့နောက် အဲ့ဒီ ရွှံ့တွေ သယ်ဆောင်ရာလမ်းကြောင်းတလျှောက် တမြို့လုံးပါပဲ အခုနောက်ပိုင်းမှာ အတော်လေးကို ဖုန်တွေ ဖုံးလွှမ်းသွားတယ်။ တံတား(၂)ကျော်မှာဆိုလည်း ဖုန်တွေများတယ်။ အဆိပ်နဲ့တူတဲ့ ဖုန်တွေမရှူမိအောင် ဘယ်သွားသွား Mask တပ်ကြဖို့ လိုပါတယ်"ဟု ဒေသခံ တစ်ဦးက ဆိုသည်။

 တာချီလိတ်မြို့တွင် လေထုအတွင်း ဖုန်များပျံ့နှံ့ နေသော်လည်း နှာခေါင်းစည်း Mask တပ်ဆင်မှု နည်းပါးသလို  အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ပွားနေသော်လည်း တာချီလိတ် ကျန်းမာရေးဌာန နှင့် သက်ဆိုင်ရာများက အသိပညာပေးခြင်းများ မရှိသလို ဖုန်လျော့ပါးရေး လုပ်ဆောင်ခြင်းများ နည်းပါးကြောင်း သိရသည်။

"တာချီလိတ်ခရိုင်ဆေးရုံကတော့ လာသမျှ လူတွေကို အပေါ် ငွေကြေးပေါ် မူတည်ပြီး ပြောဆို ဆက်ဆံတာက လွဲလို့ ကျန်တာ အရေးစိုက်တာ သိပ်မရှိသလို ပြည်သူ့ကျန်းမာရေး အလေးပေးဆောင်ရွက်စရာတွေကို လုပ်တာ သိပ်မတွေ့ရဘူး။ ခေတ်ကာလကြောင့် ရေသာခိုတာမျိုးလားတော့ မပြောတတ်ဘူး။ လမ်းသွားလမ်းလာတွေလည်း ဖြစ်လာမှ ဆေးရုံဆေးခန်းသွားကြတာ။ Mask တော့ သိပ်မတပ်ကြဘူး"ဟု ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

တာချီလိတ်မြို့တွင် စက်တင်ဘာလ(၁၀)ရက်နေ့က ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှု၏ ရွှံနွံ့နုန်းမြေကိစ္စမှာ ယနေ့ ၂၀၂၄ ယနေ့ နိုဝင်ဘာလ(၂၇)ရက်နေ့အထိ (၂)လကျော်ကြာမြင့်သည်အထိ မပြီးပြတ်နိုင်သေးဘဲ နောက်ဆက်တွဲအနေဖြင့် ဖုန်ရှုနေကြရသည့်အတွက် အသက်ရှုလမ်းကြောင်းဆိုင်ရာ နှာခေါင်းနှင့်လည်ချောင်း၊အဆုတ်ရောဂါများ ခံစားနေရကြရခြင်း ဖြစ်သည်။