တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘုရားဖြူကျေးရွာအနီးသို့ စစ်ကောင်စီမှ လေကြောင်းဖြင့်တိုက်ခိုက်

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘုရားဖြူကျေးရွာအနီးသို့ စစ်ကောင်စီမှ လေကြောင်းဖြင့်တိုက်ခိုက်
စက်တင်ဘာ 4, 2024 | 2021 Military Coup| ကယား

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ဘုရားဖြူကျေးရွာအနီးတစ်ဝိုက်သို့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၄)ရက်နေ့ ညနေ (၃)နာရီကျော် အချိန်တွင် စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးကြဲပစ်ခက်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။ 

စစ်ကောင်စီ၏ ဂျက်ဖိုက်တာ (၂)စီးမှာ စက်တင်ဘာလ (၄)ရက်နေ့ မွန်းလွဲပိုင်း အချိန်မှစ၍ ဒီးမော့ဆို ၊ လွိုင်ကော်ဖက်သို့ ဝှေ့ဝိုက်ကာ ပျံဝဲနေခဲ့ပြီး ညနေ (၃)နာရီကျော်အချိန်တွင် လွိုင်ကော်နှင့် ဒီးမော့ဆို အကြားရှိ ဘုရားဖြူကျေးရွာ အနီးသို့ (၁)ကြိမ်ဗုံးကြဲ၍ တစ်ကြိမ် အတွဲလိုက်ပစ်ခက်ခဲ့ပြီး ထိခိုက်မှု အခြေနေကို သေချာ မသိရှိရသေးကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦး ကပြောသည်။ 

"အရင်ဆုံး ဒီးမော့ဆို နဲ့ လွိုင်ကော်ဖက်ကို တောက်လျှောက် ဝဲနေတာ။ တိုက်ပွဲလဲ မရှိဘူးပေါ့လေ။ ညနေ (၃) နာရီကျော်လောက်မှာ ဘုရားဖြူဖက် တစ်ဝိုက်ကို ပထမဆုံး အတွဲလိုက်ပစ်တယ် ပြီးတော့ ဒုတိယတစ်ခါ ဗုံးကြဲသွားတယ်ပေါ့ ။ လေယာဉ် နှစ်စီးနဲ့ပေါ့ ။ ဒါက ကျွန်တော်ကိုယ်တိုင်တွေ့နေရတာပေါ့ ။ ထိခိုက်မှုကတော့ မသိရသေးဘူး" ဟု ဒေသခံက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။ 

အဆိုပါ ပစ်ခက်တိုက်ခိုက်ခံရသည့် နေရာဖက်တွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေခြင်းမရှိဘဲ ဒေသခံအရပ်သားအချို့သာနေထိုင်နေသော နေရာများဖြစ်ပြီး စစ်ကောင်စီမှ တစ်ဖက်သတ် တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း ဒေသခံများကပြောသည်။ 

အဆိုပါ တိုက်ခိုက်မှုမှာ စက်တင်ဘာလအတွင်း ကရင်နီပြည်နယ်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ပထမဆုံးတိုက်ခိုက်ခြင်းဖြစ်သည်။

ကရင်နီပြည်နယ်တွင် လက်ရှိအချိန်၌ လွိုင်ကော်-ဒီးမော့ဆို ကားလမ်းမကြီးတစ်လျှောက်ရှိ ပန်ကန်း ၊ ဒေါပိုးစီ ၊ (၆)မိုင် စံပြကျေးရွာ များတစ်လျှောက်တွင် စစ်ကောင်စီ၏ စစ်ကြောင်းများနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေကြောင်း KNDF ထံမှသိရသည်။

#TachileikNewsAgency