စစ်ကောင်စီတပ်ကို ပြန်တိုက်သွားမည်ဟု ငြိမ်းချမ်းရေးရယူထားသည့် ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့(KNSO)ထုတ်ပြန်

စစ်ကောင်စီတပ်ကို ပြန်တိုက်သွားမည်ဟု ငြိမ်းချမ်းရေးရယူထားသည့် ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့(KNSO)ထုတ်ပြန်
ဧပြီ 10, 2024 | 2021 Military Coup| ကယား

စစ်ကောင်စီတပ်ကို ပြန်တိုက်သွားမည်ဖြစ်ကြောင်း (၂၂)နှစ်ကြာ စစ်တပ်နှင့် ငြိမ်းချမ်းရေးရယူထားသည့် ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့(KNSO)က ၂၀၂၄ခုနှစ် ဧပြီလ ၁၀ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ကို ကရင်နီပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူများနှင့်အတူ ပူးပေါင်းကာ စစ်အာဏာရှင်ကျဆုံးရေးနှင့် အာဏာဟူသမျှချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအထိ ပါဝင်တော်လှန်တိုက်ခိုက်သွားမည်ဟု ဆိုသည်။

ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့၊ ဌာနချုပ်ရုံးအခြေပြုရာ ခဲမဖြူကျေးရွာအတွင်းကိုလည်း လေယာဉ်နှင့်ဗုံးကြဲခြင်း၊ မော်ချီးမှ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခြင်းသည် စစ်ကောင်စီက ငြိမ်းချမ်းရေးအားဖျက်ဆီးလိုက်သည့်လုပ်ရပ်ဖြစ်ကြောင်း KNSOက ထုတ်ပြန်ထားသည်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် စစ်ကောင်စီဖက်က နည်းအမျိုးမျိုးနှင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် လက်နက်အားကိုးပြီး အင်အားသုံး တိုက်ခိုက်မှုများကြောင့် ကရင်နီပြည်နယ်အတွင်းရှိ ပြည်သူများသာမကဘဲ မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရသည်ဟု KNSOက ဆိုသည်။ 

ထို့အပြင် လူငယ်လူရွယ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ထောင်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့်အတွက်  စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် ကန့်ကွက်ရှုံချကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

KNSO အဖွဲ့အစည်းသည် ကရင်နီပြည်လိုပွါခိုခရိုင် (မော်ချီးဒေသ)အတွင်းမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ဖွဲ့ ဖြစ်ပြီး နှစ်ပေါင်းများစွာ စစ်ဘေးဒဏ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအတွက် ငှဲ့ညှာပြီး ၂ဝဝ၂ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ငြိမ်းချမ်းရေး ရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency