MNDAA၊ TNLA နှင့် AA တို့အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခြင်းအပေါ် အာခါပါတီ နှင့် ပြည်ခိုင်ဖြိုးပါတီ အပါအဝင် မဲရှုံး (၂၅)ပါတီတို့က ထောက်ခံကြောင်း ထုတ်ပြန်

MNDAA၊ TNLA နှင့် AA တို့အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခြင်းအပေါ် အာခါပါတီ နှင့် ပြည်ခိုင်ဖြိုးပါတီ အပါအဝင် မဲရှုံး (၂၅)ပါတီတို့က ထောက်ခံကြောင်း ထုတ်ပြန်
စက်တင်ဘာ 4, 2024 | 2021 Military Coup| အခြားဒေသများ

 အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီက မြောက်ပိုင်းညီနောင် မဟာမိတ်(၃)ဖွဲ့ကို  အကြမ်းဖက် အုပ်စုအဖြစ် ထုတ်ပြန်ကြေညာသည့်အပေါ် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရှုံးခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ နှင့် အာခါပါတီ အပါအဝင် ပါတီပေါင်း (၂၅)ခုက ထောက်ခံကြောင်း စက်တင်ဘာလ(၃)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလာသည်။

မြောက်ပိုင်းညီနောင် မဟာမိတ်(၃)ဖွဲ့ ဖြစ်သည့် MNDAA(Myanmar National Democratic Alliance Army)၊ TNLA ( Ta'ang National Liberation Army ) နှင့် ULA/AA( The United League of Arakan/Arakan Army )တို့ကို အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီက ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂)ရက်နေ့တွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းအပေါ်  မဲရှုံးပါတီ (၂၅)ပါတီက ထောက်ခံကြောင်း ထုတ်ပြန်လာခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ဆောင်သမျှ ကို ထောက်ခံပြီး စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တော်လှန်ရေးတွင် ပါဝင်နေကြသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဒေသကာကွယ်တပ်ဖွဲ့များ၏ လုပ်ဆောင်ချက်များကိုတော့ အမြဲဆန့်ကျင်ပြီး ကြေညာချက် ထုတ်ပြန်နေသည့် မဲရှုံးပါတီကို အဓိက ဦးဆောင်နေသည့် ပါတီမှာ စစ်တပ်၏ ကြောထောက်နောက်ခံ  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဖြစ်သည်။

ပါတီပေါင်း (၂၅)ပါတီ စုပေါင်း၍ ယခုလို ထုတ်ပြန်ကြေညာလာတိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်အခြေချ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုလည်း အမြဲတွေ့ရသည်။



စစ်ကောင်စီခန့်  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) နှင့် ဦးကိုကိုကြီး၏ ပြည်သူ့ပါတီ(PP)တို့မှာ ယခုလို ထောက်ခံမှုများတွင် ပါဝင်သည်ကို မတွေ့ရဘဲ အများအားဖြင့် မကျော်ကြားသည့် ပါတီငယ်များသာ ပါဝင်သည်ကို တွေ့ရသည်။