မန္တလေးမြို့ လက်နက်ကြီးများကျကာ အဆောက်အဦးတချို့ပျက်စီး

မန္တလေးမြို့ လက်နက်ကြီးများကျကာ အဆောက်အဦးတချို့ပျက်စီး
စက်တင်ဘာ 3, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးမြို့တွင် ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးများကျကာ အဆောက်အဦးတချို့ ပျက်စီးကြောင်း ဒေသခံများထံမှ သိရ သည်။ 

ယနေ့နံနက်(၄)နာရီအချိန်ခန့်တွင် လမ်း(၈၀×၁၁×၁၂)လမ်းကြား Kore အကြောပြင်တိုက်အပေါ် ဆုံးထပ်သို့ လက်နက်ကြီးတစ်လုံးကျရောက်ပြီး အမိုးပွင့်ကာ လူထိခိုက်မရှိကြောင်း သိရသည်။

"ကျုံးအနောက်မြောက်ဘက်ပေါ့။ ကျုံးဘေးကပ်လျက်ကိုကျတာ။ ပျက်စီးတာတွေတော့ရှိတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဒုတိယတစ်လုံးမှာ အမှတ်(၄)ရဲစခန်းအရှေ့ဘက်တိုက်သို့ ကျရောက်ကာ တိုက်အပေါ်ထပ် အုတ်နံရံပျက်စီးပြီး လူထိခိုက်မှုမရှိဟု MDY Revolution ကဖော်ပြထားသည်။ 

တတိယတစ်လုံးမှာ ရွှေကျင်တိုးဂိတ်သို့ ကျရောက်ပေါက်ကွဲပြီး အခြေအနေအသေးစိတ်ကို မသိရသေးပါ။ 

"မန္တလေးမြို့ပေါ်ဖြတ်ပြီးတော့ နန်းတွင်းထဲ လက်နက်ကြီးတွေ အတွဲလိုက်ကျတာ။ တစ်ဦးဒဏ်ရာရတယ်လို့လည်းပြောတယ်။ တော်လှန်ရေးအဖွဲ့တွေကတော့ စစ်ကောင်စီနဲ့အနီးမှာ မနေကြဖို့ ပြောထားတယ်။"ဟု မန္တလေးမြို့ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဒေသခံတချို့ကမူ ညောင်ကွဲရပ် (၈၉)လမ်း၊ (၈)လမ်းနှင့် (၉)လမ်းကြားရှိ တိုက်တစ်လုံးလည်း ထိမှန်ကာ အဆောက်အဦးပျက်စီးပြီး ဒေသခံတစ်ဦး ဒဏ်ရာရသည်ဟု ဆိုသည်။ 

လက်နက်ကြီးများ ကျရောက်ပြီးနောက် စစ်ကောင်စီတပ်က မြို့ပေါ်အစစ်ဆေးများ တင်းကြပ်ထားသည်ဟုလည်း ဆိုသည်။

"မီးပွိုင့်အကျော်တွေမှာ စစ်ဆေးတာတွေရှိတယ်။ လမ်းချိုး၊ လမ်းကွေ့တွေမှာ စစ်ဆေးတာတွေ ရှိနေတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် မန္တလေး-မတ္တရာလမ်း တောင်ပြုံးလမ်းခွဲတွင်လည်း စစ်ဆေးနေပြီး ယခုပစ်မှတ်များသည် စစ်ကောင်စီ၏ ကင်းနေရာများအား အဓိကတိုက်ခိုက်နေခြင်းဖြစ်သည်ဟုယူဆမိသောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် အနီးဆုံးနေရာများမှ ရှောင်ရှားနေသင့်ပါကြောင်း အသိပေးအပ်ပါသည်ဟု MDY Revolution က ဖော်ပြထားသည်။

#TachileikNewsAgency