ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၉ ဦးသေဆုံး ၁၀ ဦးဒဏ်ရာရ 

ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၉ ဦးသေဆုံး ၁၀ ဦးဒဏ်ရာရ 
စက်တင်ဘာ 2, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ အရပ်သား(၉)ဦး သေဆုံးပြီး (၁၀)ဦးဒဏ်ရာရကြောင်း Tigyaing Revolution-TR ထံမှ သိရသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့ နေ့လယ်(၂)နာရီခွဲနှင့် (၃)နာရီကြားတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တစ်စီးဖြင့် လေကြောင်းမှ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ မောင်းကုန်းရွာရှိ ပိပိရိရိဆိုင်ရှေ့နှင့် ဇာခြည်ဦးဆိုင်ရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ပိပိရိရိဆိုင်ရှေ့သို့ကျသောဗုံးသီးမှာ ဆီပေပါများတင်ထားသော ကားပေါ်ကျကာ အရပ်သားများသေဆုံးပြီး ဒဏ်ရာရရှိသူများသည်ဟု သိရကာ ၎င်းနေရာသည် ဈေးအနီးဖြစ်ပြီး စစ်ရေးပစ်မှတ်များမရှိဘဲ အရပ်သားများရှိသောနေရာဖြစ်သည်ဟု သိရသည်။

ယမန်နေ့က ထီးချိုင့်မြို့အနီး ထီးချိုင့်နှင့် မြတောင်ကြားတွင် စစ်ကောင်စီတပ်၏ စစ်သင်္ဘော(၂)စီးကို KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရကမူ ထီးချိုင့်မြို့သည် စစ်ကောင်စီကင်းစင်နယ်မြေဖြစ်လာပြီဟု ပြီးခဲ့သည့် ဇူလိုင်လ(၂၇)ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ယနေ့တွင်လည်း ထီးချိုင့်မှဆန်တက်လာသော စစ်ကောင်စီသင်္ဘော(၅)စီးက ကသာနယ် သဖန်းကိုင်းဆိပ်ကမ်းသို့ ကမ်းကပ်ပြီး လက်နက်ပစ္စည်းရိက္ခာများကို ကားများပေါ်တင်နေကာ မြစ်အရှေ့ဘက်ကမ်းများသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်သည့်အပြင် ကသာမြို့ဘက်ကိုလည်း လေကြောင်းမှ ဗုံးကြဲကြောင်း သိရသည်။

#TachileikNewsAgency

Photo: Tigyaing Revolution -TR