မြန်မာပြည်သူများ လိုအပ်နေသည်မှာ နိုင်ငံတကာ၏ လက်ငင်း တိကျပြတ်သားသည့် အရေးယူဆောင်ရွက်မှုဖြစ်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဦးကျော်မိုးထွန်း ပြောဆို

မြန်မာပြည်သူများ လိုအပ်နေသည်မှာ နိုင်ငံတကာ၏ လက်ငင်း တိကျပြတ်သားသည့် အရေးယူဆောင်ရွက်မှုဖြစ်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဦးကျော်မိုးထွန်း ပြောဆို
သြဂုတ် 22, 2024 | 2021 Military Coup

လက်ရှိအခြေအနေတွင် မြန်မာပြည်သူများ အထူးလိုအပ်နေသည်မှာ နိုင်ငံတကာအသိုက်အဝန်း၏ လက်ငင်း၊ တိကျပြတ်သားသော အရေးယူဆောင်ရွက်မှုပင် ဖြစ်ကြောင်း ၂၀၂၄ခုနှစ် သြဂုတ်လ (၂၁) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေး၌ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ် လုံခြုံရေးကောင်စီတွင် ၂၀၂၄ ခုနှစ် သြဂုတ်လအတွက် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော ဆီရီယာလီယွန်နိုင်ငံမှ ကြီးမှူး၍ ကျင်းပသည့် တံခါးဖွင့်အစည်းအဝေး၌ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အဖွဲ့ဝင်နိုင်ငံ (၆၉)နိုင်ငံမှ ကိုယ်စားလှယ်များနှင့်အတူ မိန့်ခွန်းပြောဆိုခဲ့သည်။

ယခင် အရွေးချယ်ခံ အရပ်သားအစိုးရလက်ထက်တွင် ခက်ခဲစွာ တည်ဆောက်ခဲ့ရသည့် တိုးတက်မှုများသည် သိသာစွာ ဆုတ်ယုတ်ခဲ့ပြီဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်တပ်က တရားဥပဒေစိုးမိုးမှု၊ အပြည်ပြည်ဆိုင်ရာဥပဒေ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေတို့အား ဆက်လက်ချိုးဖောက်၍ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း ဦးကျော်မိုးထွန်းက ဆိုသည်။

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် နေရပ်စွန့်ခွာသူနှင့် ဒုက္ခသည်များ အရေအတွက်မှာ (၃.၂)သန်းအထိ မြင့်တက်လာခဲ့ပြီး (၁၈.၆) သန်းခန့်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အထူးလိုအပ်လျက်ရှိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုသည်။

ကလေးငယ်များနှင့် လူငယ်အများအပြားမှာလည်း ပညာသင်ကြားခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ဆုံးရှုံးနေရပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်များနှင့် ရိုဟင်ဂျာများ အပါအဝင် ထိခိုက်လွယ်သော အုပ်စုများမှာ စစ်တပ်မှ ကျူးလွန်သည့် အမျိုးမျိုးသော အကြမ်းဖက်မှုများကို ရင်ဆိုင်နေရကြောင်း ၎င်းက ဆိုသည်။

စစ်တပ်သည် လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများကို နိုင်ငံရေးအရနှင့် လက်နက်သဖွယ် အသုံးချလျက်ရှိသဖြင့် ယင်းလုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း စိန်ခေါ်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး လိုအပ်သည့် ဝန်ဆောင်မှုများကို ထိရောက်စွာ ဖော်ဆောင်ပေးရန် ခက်ခဲလျက်ရှိကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

တရားမဝင်လူကုန်ကူးမှုများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ အွန်လိုင်းလိမ်လည်မှုများ စသည့်ဖြစ်စဉ်များလည်း စိုးရိမ်ဖွယ်ကောင်းအောင် မြင့်တက်လျက်ရှိပြီး အိမ်နီးချင်း နိုင်ငံများနှင့် အခြားနိုင်ငံများကိုပါ အကျိုးသက်ရောက်မှုရှိနေကြောင်း ၎င်းက ဆိုသည်။

ငွေကြေးဖောင်းပွမှု အလွန်မြင့်တက်လာခြင်း၊ စားသောက်ကုန်ပစ္စည်းများ၏ ကုန်ဈေးနှုန်း ခေါင်ခိုက်လာခြင်း၊ ဝင်ငွေနည်းခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းမရှိခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် မတရားစစ်သားစုဆောင်းမှုနှင့် ရွှေ့ပြောင်း နေထိုင်မှုများကြောင့် ပညာရှင်များ ယိုစိမ့်မှု ပြဿနာ စသည်ဖြင့် ပြည်တွင်း စီးပွားရေးနှင့် လူမှုရေးအခြေအနေသည်လည်း အလွန်အမင်း ပျက်စီးလျက်ရှိကြောင်း ၎င်းက ဆိုသည်။

သို့ရာတွင် မြန်မာပြည်သူများမှ နိုင်ငံတကာအသိုက်အဝန်းအား ထိရောက်သော အရေးယူဆောင်ရွက်ချက်များနှင့် အကူအညီများပေးအပ်ရန် ပြင်းပြင်းထန်ထန် တောင်းဆိုနေမှုကို မျက်ကွယ်ပြုခံခြင်းသည့်အပေါ် စိတ်ပျက်မိပါကြောင်း သံအမတ်ကြီးက မိန့်ခွန်းတွင် ပြောဆိုသည်။

ထို့ပြင် နိုင်ငံတကာအသိုက်အဝန်းမှ ခိုင်မာသည့် လုပ်ဆောင်ချက်များ ပျက်ကွက်နေခြင်းကြောင့် တရားမဝင် စစ်အာဏာသိမ်းမှု သက်တမ်းရှည်နေရခြင်းနှင့် စစ်တပ်အနေဖြင့် နိုင်ငံတကာ ရာဇဝတ်မှုများကို ကျူးလွန်ခွင့် လိုင်စင် လက်ဝယ်ရရှိနေခြင်းကို ပိုမိုရှည်ကြာစေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရကြောင်း ၎င်းက ဆိုသည်။

ဤမျှကြာညောင်းသော ကာလတလျှောက်တွင် မိမိတို့၏ ပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၊ လူငယ်လူရွယ်များမှာ တရားခံစစ်တပ်မှ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် နိုင်ငံတကာရာဇဝတ်မှုများ၏ ဒဏ်ကို ခါးစည်းခံနေရကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာပြည်သူများသည် မိမိတို့နိုင်ငံအဆင့်၌ ပြဿနာ၏ အရင်းအမြစ်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရန် အားထုတ်နေခြင်းမှတစ်ဆင့် ပြည်တွင်း၌ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းလျက်ရှိကြောင်း ၎င်းက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အမျိုးသမီးများ ဦးဆောင်သည့် အစုအဖွဲ့များ အပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် မြေပြင်မှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များအားလုံးက မိမိတို့၏ အန္တိမပန်းတိုင်ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

မိမိတို့သည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ပေါ်ထွန်းလာသည်အထိ ကြံ့ကြံ့ခံဆောင်ရွက်ရန် သန္နိဋ္ဌာန်ချမှတ်ပြီး ဖြစ်ကြောင်း သံအမတ်ကြီးက မိန့်ခွန်းတွင် ပြောဆိုသည်။

ရှင်းလင်းသည်မှာ မြန်မာနိုင်ငံ၏ ပကတိ အခြေအနေကို မြန်မာပြည်သူများထက် မည်သူတစ်ဦး တစ်ယောက်ကမျှ ပို၍ သိရှိနားလည်နိုင်မည် မဟုတ်ကြောင်းနှင့် မိမိတို့ထက် မည်သူကမျှ မြန်မာနိုင်ငံအား ငြိမ်းချမ်းသော၊ တည်ငြိမ်သော၊ သာယာဝပြောသော နိုင်ငံဖြစ်စေလိုသည့် ဆန္ဒသာလွန် ကိန်းဝပ်နေမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

တဖက်တွင်လည်း မိမိတို့၏ ပြဿနာကို ရေရှည်တည်တံ့သည့်နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ပံ့ပိုးကူညီလိုသည့် နိုင်ငံများကို ကြိုဆိုလင့်ကစား ၎င်းတို့အနေဖြင့် မြန်မာပြည်သူများ၏အသံကို အလေးအနက်ထား နားထောင်ရန်နှင့် မြန်မာပြည်သူများ၏ မျှော်မှန်းချက်ဆန္ဒကို ရိုးသားစွာ လေးစားကြရန် တိုက်တွန်းလိုပါကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုသည်။

အထူးသဖြင့် ပြဿနာအား ဖြေရှင်းမည့် မည်သည့်အစီအစဉ်မဆို မြန်မာပြည်သူများ၏ မျှော်မှန်းချက်နှင့် ကိုက်ညီမှုရှိရန်လိုပြီး၊ ရေရှည်တည်တံ့သော အဖြေဖြစ်ရေးအတွက် ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ရန် အလွန်အရေးကြီးကြောင်း ၎င်းက ဆိုသည်။

လက်ရှိအခြေအနေတွင် မြန်မာပြည်သူများ အထူးလိုအပ်နေသည်မှာ နိုင်ငံတကာ အသိုက်အဝန်း၏ လက်ငင်း၊ တိကျပြတ်သားသော အရေးယူဆောင်ရွက်မှုပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်တပ်အား တသီးတခြား ဖယ်ကျဉ်နိုင်ရန်နှင့် ၎င်းတို့ထံ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ၊ ငွေကြေးစီးဆင်းမှုအားလုံး ဖြတ်တောက်နိုင်ရန် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက် အားထုတ်မှသာလျှင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်လျှောက်လှမ်းနိုင်မည်ဖြစ်ပြီး ငြိမ်းချမ်းတည်ငြိမ်သော ပတ်ဝန်းကျင်ကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။

ဤသို့ဖြစ်စေရန် ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီ၏ အခန်းကဏ္ဍသည် အလွန်အရေးပါလျက်ရှိကြောင်း၊ မိမိအနေဖြင့် လုံခြုံရေးကောင်စီအား ယခုပင် အရေးယူဆောင်ရွက်ရန် တိုက်တွန်းတောင်းဆိုပါကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေး၌ ပြောဆိုခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Permanent Mission of Myanmar to the United Nations