ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ပေါင်(၅၀၀)ဗုံးကြဲချ၍ ကလေးငယ်အပါအ၀င် အရပ်သား (၃)ဦး သေဆုံးရပြီး (၇)ဦး ဒဏ်ရာရရှိသည်ဟု TNLA ထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့ ည(၈)နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံး နှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခြင်းဖြစ်ပြီး နေအိမ်(၅)လုံးလည်း ပျက်စီးသွားသည်ဟု သိရသည်။
ပေါက်ကွဲမှုကြောင့် မထက်မြတ်နိုး အသက်(၈)နှစ်၊ မမေဇင်ထက် အသက်(၂၃)နှစ်နှင့် ကိုဇော်မင်းလွန် အသက် (၃၀)နှစ်တို့ သေဆုံးခဲ့ရပြီး မရွှေသန့်ဝေ အသက်(၂၁)နှစ်၊ ကိုပြည့်စိုင် အသက်(၂၃)နှစ်၊ ဒေါ်သိန်သိန်ညို အသက်(၃၂)နှစ်၊ ဦးရန်အောင်၊ ဦးမိုးလွန်၊ ကိုသောင်းလွန်နှင့် ဒေါ်နွယ်တို့မှာ ဒဏ်ရာများရရှိသည်ဟု သိရသည်။
ယနေ့ ဖေဖော်ဝါရီလ(၂၂)ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာကို ဗုံး(၅)လုံးနှင့် တောင်ရှည်ကျေးရွာကို ဗုံး(၂၇)လုံး ကြဲချတိုက်ခိုက်ရာ အရပ်သားတစ်ဦးသေဆုံးပြီး နေအိမ်အများအပြားပျက်စီးသွားသည်ဟု သိရသည်။
ဖေဖော်ဝါရီလ (၂၁)ရက်နေ့ကလည်း နောင်ချိုမြို့နယ် လောက်ဖန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ဒေသခံ(၄)ဦး ဒဏ်ရာရကာ နေအိမ်(၆)လုံး ပျက်စီးသွားသည်ဟု သိရသည်။
စစ်ကောင်စီတပ်သည် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီလ (၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ (၂၂)ရက်နေ့အထိ လက်နက်ကြီးနှင့် လေကြောင်းကိုအသုံးပြု၍ တိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအ၀င် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၄)ဦး သေဆုံးရသည်ဟု သိရသည်။
ထို့အပြင် ကလေးတစ်ဦး၊ အမျိုးသား(၇)ဦးနှင့် အမျိုးသမီး (၇)ဦးတို့ ဒဏ်ရာရပြီး နောင်ချိုပြည်သူ့ဆေးရုံ၊ ဘုန်းကြီးကျောင်းဆောင်နှင့် အရပ်သားနေအိမ်(၁၁)လုံးထိမှန်ပျက်စီးသွားသည်။
#TachileikNewsAgency
Photo:PSLF/TNLA News