ရပ်စောက်မြို့နယ်တွင်းကနေ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားဖြည့်လာသည့် စစ်ကောင်စီတပ် နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားနေ

ရပ်စောက်မြို့နယ်တွင်းကနေ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားဖြည့်လာသည့် စစ်ကောင်စီတပ် နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားနေ

ရှမ်းပြည်နယ်တောင်ပိုင်းကနေ ရပ်စောက်မြို့နယ်တွင်းကနေ ရှမ်းပြည်နယ်မြောက်ပိုင်း  နောင်ချိုမြို့နယ်တွင်းသို့ စစ်အင်အား ဖြည့်တင်းရန် လာသည့် စစ်ကောင်စီတပ်နှင့် TNLA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ရာ နောင်ချိုမြို့နယ်အတွင်း သရက်ချို၊ တောင်ခမ်း နှင့် ကမ္ဘောဇဘုန်းတော်ကြီးကျောင်း စသည့်နေရာများတွင် တိုက်ပွဲဖြစ်ပွားနေလျှက်ရှိကြောင်း PSLF/TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ဩဂုတ်လ(၂၁)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်လာသည်။

ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ(၂၁)ရက်နေ့ နံနက်(၉)နာရီက စပြီး တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်း၌ လည်းကောင်း၊ သရက်ချိုရှိ စစ်ကောင်စီတပ်စခန်း၌ လည်းကောင်း၊ စစ်ကောင်စီတပ်များ တပ်စွဲရာ ကမ္ဘောဇ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

 တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် လာရောက်ကာ ဗုံးကြဲ တိုက်ခိုက်မှုလည်း လုပ်ဆောင်သွားကြောင်း သိရသည်။

ဩဂုတ်လ(၂၀)ရက်နေ့ကလည်း နောင်ချိုမြို့နယ်အတွင်း သရက်ချို နှင့် တောင်ခမ်း ကျေးရွာတို့တွင် တိုက်ပွဲ (၂)ကြိမ် ဖြစ်ပွားခဲ့သေးကြောင်းလည်း သိရသည်။