အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ယာယီ အဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ စဝ်ယွက်စစ်က ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်၌ သွားရောက်တွေ့ဆုံကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှုအတွင်း ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ၊ စတုတ္ထအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)အရ ဖော်ဆောင်လျက်ရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေး ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ရုံးမှ သတင်းထုတ်ပြန်သည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျာ်တင့်ဆွေ နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှ စဝ်စိုင်းလျန်း တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ စဝ်ယွက်စစ်သည် နေပြည်တော်တွင် ကျင်းပနေသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖေါ်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး တက်ရောက်ရန် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့က တာချီလိတ်မှတစ်ဆင့် နေပြည်တော်သို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
ဓါတ်ပုံ - နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး