သံတွဲမြို့နယ် ငပလီကမ်းခြေရှိ စစ်ကောင်စီတပ် တပ်ဆုတ်ရာလမ်းတလျောက်တွင် ဒေသခံများအား ဖမ်းဆီး၊ ပစ်သတ်ပြီးနောက် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲ

သံတွဲမြို့နယ် ငပလီကမ်းခြေရှိ စစ်ကောင်စီတပ် တပ်ဆုတ်ရာလမ်းတလျောက်တွင် ဒေသခံများအား ဖမ်းဆီး၊ ပစ်သတ်ပြီးနောက် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေရှိ စစ်ကောင်စီတပ်များ တပ်ဆုတ်နေပြီဖြစ်ပြီး တပ်ဆုတ်ရာလမ်းတလျောက်ရှိ ဒေသခံများကို ကြိုးတုပ်ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ပစ်သတ်ခြင်းများပြုလုပ်ပြီးနောက် ဂျိတ္တောရပ်ကွက်ရှိ ပုလဲရတနာပရိယ္ယတိစာသင်တိုက်အတွင်း တပ်စွဲထားကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ (၄)ရက်နေ့က ခလရ (၅၅)တပ်မှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်သား (၂၀၀)ဝန်းကျင်သည် လမ်းမကြီးတလျောက် စီတန်းတပ်ဆုတ်လာပြီး‌နောက် ‌လမ်းရှိဒေသခံ (၁၀)ဦးကို ကြိုးတုပ်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။

"လူတွေကို ကြိုးတုတ်ပြီးခေါ်လာတာမျိုးရှိတယ်။ အမျိုးသမီးတွေရောပါတယ်။ ဂျိတ္တောလမ်းဆုံရောက်မှ ကြိုးဖြည်ပြီး ပြန်လွှတ်ပေးလိုက်တယ်။ ငပလီဖက်ကလာကြတာ။ ဂျိ‌တ္တောရောက်တော့ အိမ်တွေထဲဝင်တယ်။ ဆေးလိပ်တောင်းသောက်တယ်။ ခြေဗလာနဲ့ စစ်သားနှစ်ယောက်ဆို ဖိနပ်နှစ်ရံတောင်းတော့ ပေးလိုက်ရတာရှိတယ်။ အဲဒီစစ်သားကပဲ ခလရ(၅၅)ကျပြီလို့ ပြောသွားတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီ၏ ခလရ(၅၅)တပ် ကျ၊ မကျကိုမူ Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

လက်ရှိတွင် ဂျိတ္တောရွာတွင်ရှိသည့် ပုလဲရတနာပရိယ္ယတိစာသင်တိုက်၊ အရပ်အခေါ် ပုလဲကျောင်းတိုက်၌ တပ်စွဲထားပြီး ဂျိတ္တောမှ  မဒေးတောင်ဖက်သွားသည့်လမ်းရှိ ရွှေနဒီလဖက်ရည်ဆိုင်၊ စတိုးဆိုင်များကို ညဖက်တွင် တံခါးများရိုက်ဖွင့်ကာ အိမ်တွင်းပစ္စည်းများ ယူဆောင်သွားသည်ဟု ဆိုသည်။

"ဆိုင်ပိုင်ရှင်တွေလည်း ကြောက်လန့်ပြီး နောက်ပေါက်က ထွက်ပြေးကြရတာပေါ့။ ပြီးတော့ တခြားအိမ်တအိမ်မှာ ဝင်ပုန်းနေရတာ။ မနက်သူ့ဆိုင်ကိုသွားကြည့်ကြတော့ ဆိုင်ကမုန့်တွေယူစားပြီး Max+ အချိုရည်တွေပါ အခန့်သားယူသောက် စတည်းချနေလို့ ဆိုင်ကိုပစ်ပြီး ထွက်ပြေးလာရတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါတပ်ဆုတ်လာသည့် စစ်ကောင်စီတပ်သည် ဂျိတ္တောရှိ ငါးရောင်းသည့် မဘဲဥမ ဆိုသူ၏ အမျိုးသားနှင့် သားဖြစ်သူတို့ကိုလည်း ဖမ်းဆီးပစ်သတ်ခဲ့သည်ဟု သိရသည်။

"ဂျိတ္တောကိုဝင်လာတဲ့ စကစအဖွဲ့တွေက ဘဲဥမရဲ့ယောင်္ကျားကို လမ်းမှာတွေ့တော့ သူတို့သွားချင်တဲ့နေရာကို လှေနဲ့လိုက်ပို့ပေးဖို့ပြောတယ်။ အဲတာကို ကြောက်ကြောက်နဲ့ မလိုက်ပို့ရဲသလိုဘာလိုလိုဖြစ်နေတော့ တခါတည်းပစ်သတ်လိုက်တာ။ ဖြစ်ချင်တော့ အဲ့ဒီအနီးအနားမှာ ပစ်ခံရသူရဲ့သားကရှိ‌နေချိန် ပစ်သံတွေကြားတာနဲ့ သေသွားတဲ့သူ့အဖေကိုတွေ့တော့ ဒါကျွန်တော်အဖေပါ ဘာညာနဲ့ပြောတာ သားဖြစ်သူကိုပါ ကမ်းခြေနားခေါ်ပြီး ပစ်သတ်လိုက်တယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ သားမဖနှစ်ဦးကို ယမန်နေ့ ဇူလိုင်လ(၅)ရက်နေ့ နေ့လယ်ပိုင်းတွင် ဂျိတ္တောနာရေးကားနှင့် ကျိန္တလီဖက်သို့ ပို့ဆောင်သဂြိုလ်ရသည်ဟု သိရသည်။

#TachileikNewsAgency