အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ စစ်ကောင်စီကိုလာတွေ့သည်ဟု စစ်ကောင်စီဘက်က ယမန်နေ့ ၂၀၂၅ခုနှစ် ဧပြီလ(၅)ရက်နေ့က ထုတ်ပြန်သည်။
အာဆီယံဥက္ကဋ္ဌ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒါတိုမိုဟာမက်ဟာဆမ်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆတ်ငီရမ်ဖုန် တို့သည် နေပြည်တော်သို့ ဧပြီလ (၅)ရက်နေ့တွင် ပူးတွဲခရီးစဉ် လာရောက်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒဿမ ၇ ရစ်ချ်တာစကေးရှိ ငလျင်ဘေးဒဏ် ထိခိုက်ခံစားခဲ့ရသော မြန်မာပြည်သူများနှင့် အတူတကွ ရပ်တည်ကြောင်းကို ပြသသည့်အနေဖြင့် စစ်ကောင်စီကို လာတွေ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ခရီးစဉ်အတွင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပူးတွဲအစည်းအဝေးပြုလုပ်ခဲ့ပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက မြန်မာပြည်သူများအား ထောက်ထားစာနာမှုနှင့် အာဆီယံ၏ စည်းလုံးညီညွတ်မှုကို ပြသခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြောဆိုသည်ဟု ဆိုသည်။
ထို့အပြင် ထိခိုက်ခံစားရသည့် ဒေသများအတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာ လိုအပ်ချက်များဖြစ်သည့် ရွေ့လျားဆေးရုံများနှင့် ကျန်းမာရေးအထောက်အပံ့ပစ္စည်းများ၊ ရေထောက်ပံ့မှုစနစ်များနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ဆက်လက်ကူညီပေးရန် စစ်ကောင်စီဘက်က တောင်းဆိုသည်ဟု သိရသည်။
မလေးရှားနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့က ငလျင်ဒဏ်သင့် ဒေသများ၌ လိုအပ်ချက်များကို ဆက်လက်ကူညီပေးမည်ဖြစ်ဟု ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းက BIMSTEC အစည်းအဝေးကို စစ်ခေါင်းဆောင်အား ဖိတ်ကြားခဲ့သဖြင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ကို အဖွဲ့အစည်းအများက ကန့်ကွက်ခဲ့ကြသေးသည်။
#TachileikNewsAgency
Photo:Ministry of Foreign Affairs Myanmar