စစ်ကောင်စီနှင့် PNO ပစ်ခတ်သည့်လက်နက်ကြီး သားအမိနှစ်ဦးကိုထိမှန်ကာ မိခင်ဖြစ်သူသေဆုံး

စစ်ကောင်စီနှင့် PNO ပစ်ခတ်သည့်လက်နက်ကြီး သားအမိနှစ်ဦးကိုထိမှန်ကာ မိခင်ဖြစ်သူသေဆုံး
သြဂုတ် 15, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင် အခြေစိုက်ထားသည့် စစ်ကောင်စီနှင့် PNO က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆီဆိုင်မြို့နယ် အရှေ့ဘက်ရှိ ပအိုဝ်းကျေးရွာများသို့ လက်နက်ကြီးနှင့်ပစ်ခတ်ရာ သားအမိနှစ်ဦးကို ထိမှန်ပြီး မိခင်ဖြစ်သူသေဆုံးကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့် အကြိမ် (၄၀)ကျော်ပစ်ခတ်ခဲ့ရာ ပန်အောင်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲရာ တောင်ယာသွားနေသည့် ပအိုဝ်းသားအမိ(၂)ဦးကို ထိမှန်ခဲ့ပြီး အသက်(၄၀)အရွယ် မိခင်ဖြစ်သူ မွိုးစွန် သေဆုံးသည်ဟု သိရသည်။  

အသက်(၃)နှစ်သာရှိသေးသည့် မွိုးစွန်၏ သားဖြစ်သူ ကလေးငယ် ခွန်မောင်ပေးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေဖြစ်သည်ဟု ဆိုသည်။ 

လက်နက်ကြီးကျရောပေါက်ကွဲသည့် ပန်အောင်ကျေးရွာသည် တိုက်ပွဲဖြစ်ပွားသည့် နေရာလည်း မဟုတ်သလို တော်လှန်ရေးတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နေရာလည်းမဟုတ်ဟု PNLA က ဆိုသည်။

လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာပြင်းထန်သည့် ကလေးငယ်ကို ဒေသခံများ၏ အကြောင်းကြားလာမှုကြောင့် PNLA တပ်ဖွဲ့က သွားရောက်ကယ်ဆယ်ပြီး ဆေးဝါးကုသမှု ပေးနေသည်ဟု သိရသည်။

#TachileikNewsAgency

Photo: PNLA News & Info