အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ ကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်ဝင်ခွင့် ဒုတိယအကြိမ် ခေါ်ယူ

အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ ကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်ဝင်ခွင့် ဒုတိယအကြိမ် ခေါ်ယူ
ဇွန် 28, 2024 | 2021 Military Coup

အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ ကြားကာလတက္ကသိုလ်များ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်ကို ဝင်ရောက် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဇွန်လ (၂၇) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် ကြားကာလတက္ကသိုလ် (၁၆)ခု၏ ပထမအကြိမ်ဝင်ခွင့်ကို ခေါ်ယူခဲ့ပြီးနောက်၊ ယခု ဒုတိယအကြိမ် တက္ကသိုလ်ဝင်ခွင့်ကို ကြားကာလတက္ကသိုလ် (၂၀)ခုတို့က ဘာသာရပ်နှင့် ပညာရပ် နယ်ပယ် (၅၉)ခုအတွက် စုပေါင်းခေါ်ယူကြခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင်ဖော်ပြပါရှိသော တက္ကသိုလ်အလိုက် ဝင်ခွင့်ခေါ်ယူသည့် အကြောင်းအရာ၊ အချက်အလက်အသေးစိတ်တို့ကို ကြိုတင်လေ့လာပြီး သတ်မှတ်ချက်များနှင့်အညီ တက္ကသိုလ်ဝင်ခွင့်ကို အချိန်မီ တင်သွင်းလျှောက်ထားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ တိုက်တွန်းထားသည်။

ကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူများသည် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ စတင်ခေါ်ယူသည့်နေ့တွင် အသက် (၁၈) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်ဖြစ်ပြီး ၂၀၂၀ ခုနှစ်နှင့် ယင်းနှစ်မတိုင်မီ အခြေခံပညာအထက်တန်း အောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။

နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ်ရရှိထားသည့် ကျောင်းသား၊ ကျောင်းသူများ (ဥပမာ- IGCSE, GED, SAT) နှင့် တိုင်းရင်းသားဒေသအသီးသီး၏ ပညာရေးအစီအစဉ်ဖြင့် အခြေခံပညာ ပြီးမြောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများလည်း ကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ ပညာရေးဝန်ကြီးဌာနမှ ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ပြည်သူ့ကျောင်းသားများအတွက် ရည်ရွယ်ဆောင်ရွက်ပေးသော အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း Basic Education Completion Assessment(BECA) လက်မှတ်ရရှိထားသည့် ကျောင်းသား၊ ကျောင်းသူများ နှင့် သက်ဆိုင်ရာတက္ကသိုလ်များ၏ ဝင်ခွင့်သတ်မှတ်ချက်များနှင့် ကိုက်ညီသူများလည်း လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်ထားသူတိုင်းသည် သက်ဆိုင်ရာ ပညာရေး အဖွဲ့အစည်းများမှ ထုတ်ပြန်ပေးသည့် ပညာရေးဆိုင်ရာ အထောက်အထားများ တင်ပြနိုင်ရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရမှဆိုသည်။

ကြားကာလတက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန်(ဒုတိယအကြိမ်)တွင် တက္ကသိုလ်ဝင်ခွင့် လက်ခံဆောင်ရွက်မည့် တက္ကသိုလ် (၂၀)ခုတို့၏ သက်ဆိုင်ရာ တက္ကသိုလ်များအလိုက် ပေးအပ်မည့် ဘွဲ့၊ ဒီဂရီများ၊ လက်ခံသင်ကြားပေးနိုင်မည့် ကျောင်းသားဦးရေ၊ တက္ကသိုလ်တစ်ခုချင်းစီ၏ ဝင်ခွင့်လက်ခံရေးသတ်မှတ် ချက်များနှင့် ဝင်ခွင့်စတင်ခေါ်ယူမည့်အချိန်တို့ကို အသေးစိတ်ဖော်ပြထားကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတစ်ဝှမ်းလုံးရှိ ပညာသင်ယူခွင့် ရပ်တန့်နေသော ကျောင်းသား၊ ကျောင်းသူများ၏ ရှေ့ဆက်ပညာသင်ယူနိုင်ရန်အတွက် ကြားကာလတက္ကသိုလ်ကောင်စီများ၊ ပညာရေးဘုတ်အဖွဲ့များ နှင့် ပူးပေါင်းကာဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

#TachileikNewsAgency

Photo: NUG