ပုလဲမြို့နယ်တွင် ပြည်သူပိုင်ပစ္စည်းများအား ယူဆောင်ကာထွက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်

ပုလဲမြို့နယ်တွင် ပြည်သူပိုင်ပစ္စည်းများအား ယူဆောင်ကာထွက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့ နံနက်ပိုင်းက ကျေးရွာများအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများအား ယူပြီးထွက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ပုလဲမြို့ပေါ်၌ ညအိပ်တပ်စွဲပြီးနောက် ယနေ့နံနက်ပိုင်းတွင် ပုလဲတောင်ပိုင်း‌ ကျွန်းဘိုကုန်းကျေးရွာသို့ ဝင်ရောက်၍ ပြည်သူပိုင်ပစ္စည်းများအား ယူဆောင်ပြီး နွယ်ရှောက်ကျေးရွာအနီးမှ အနောက်ဖက်သို့ ထွက်ခွါလာကြောင်း သိရသည်။

ထို့နောက် ၎င်းစစ်ကောင်စီတပ်ကို နံနက်ပိုင်းတွင်ပင် နွယ်ရှောက်-အင်ကြင်းစု-လှော်ကားကျေးရွာများကြား၌ ဒေသခံ ပကဖ တပ်ဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များမှ အသင့်စောင့်ဆိုင်းပြီး မိုင်းဆွဲတိုက်ခိုက်ခြင်း၊ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ရာ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိပြီး PDF ရဲဘော်တဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ် စစ်ကြောင်းသည် လှော်ကားကျေးရွာသို့ နံနက်ပိုင်းတွင် ဝင်ရောက်ပြီး နေ့လည်ပိုင်းတွင် အင်မထီးရွာမှ ပျူစောထီးများက လှည်းများဖြင့် လှော်ကားကျေးရွာကို ရောက်လာကာ ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်၍ အင်မထီးပျူစောထီးစခန်းသို့ ဝင်ရောက်သွားသည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ကံကြီး၊ ညောင်ကုန်း၊ ဖိုကုန်း၊ ကံပေါက်၊ မကျီးခွ၊ ဇောင်ချမ်းကုန်း၊ ကျွန်းဘိုကုန်း၊ နွယ်ရှောက်၊ လှော်ကား၊ အင်ကြင်းစု၊ ပန်းရွာ၊ တနယ်ကျေးရွာများရှိ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်ပြည်သူများအား သက်ဆိုင်ရာ ရပ်ကျေး ပအဖ၊ ပကဖ များက နားနေရန် နေရာများ စီစဉ်ပေးခြင်း၊ အစားအသောက်များ ကျွေးခြင်းများ ပြုလုပ်ပေးခဲ့သည်ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

#TachileikNewsAgency

Photo : ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့