စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်ကိုင်း - မုံရွာလမ်းဖြတ်သန်းရာ လမ်းတလျှောက် အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ကား(၂)စီး ထိခိုက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး မိုင်းခဏခဏ ဆွဲခံရမှုကြောင့် စစ်သားများက သေနတ်များ ရမ်းသမ်းပစ်ခတ်ပြီး မောင်းပြေးနေရကြောင်း ဒေသကာကွယ်ရေးအဖွဲ့ဖြစ်သည့် မြင်းမူ GTR က သတင်းထုတ်ပြန်ထားသည်။
၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့ ည(၉)နာရီဝန်းကျင်အချိန်က Ghost Team Ranger(မြင်းမူ) နှင့် မြင်းမူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ မြင်းမူမြို့နယ်အတွင်း မြို့ရှောင်လမ်း နှင့် ထီးဆောင်းတို့တွင် ယာဉ်တန်းအား နှစ်နေရာ မိုင်းဆွဲပြီး တိုက်ခိုက်ရာ အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းမှ ကား(၂)စီး ထိခိုက်ပျက်စီးခဲ့ပြီး ကျန်ကားများမှာ ရမ်းသမ်းပစ်ခတ်ပြီး မောင်းပြေးသွားကြောင်း သိရသည်။
အလားတူ စစ်ကိုင်းမြို့နယ်အတွင်း အုန်းတောရွာအကျော် နတ်ခရိုင်ရွာအဝင်ကစပြီး ည(၈)နာရီ (၁၅)မိနစ်ဝန်းကျင်အချိန်က အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းသည် လမ်းတလျှောက် ရမ်းသမ်းပစ်ခတ်ကာ ဖြတ်သန်းသွားနေရကြောင်းလည်း သိရသည်။
အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းသည် ရွှေဘိုမြို့ဘက်မှ မုံရွာသို့ ဦးတည်လာနေရာ ဒေသကာကွယ်ရေးအဖွဲ့များက စစ်ကိုင်း - မုံရွာလမ်း ဖြတ်သန်းရာလမ်းတလျှောက်တွင် ပြောက်ကျားနည်းဖြင့် မိုင်းဆွဲ တိုက်ခိုက်ကြခြင်း ဖြစ်သည်။