တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာကို ရေကြီးနေချိန်တွင် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရေကျချိန်တွင် ပြန်လည်ဆုတ်ခွာသွား

တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာကို ရေကြီးနေချိန်တွင် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရေကျချိန်တွင် ပြန်လည်ဆုတ်ခွာသွား

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်းရှိ လယ်သစ်ကျေးရွာကို ရေကြီးနေချိန်တွင် စစ်ကြောင်းထိုးဝင်ရောက်၍ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရေကျချိန်တွင် ထိခိုက်မှုများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ - P2 3402 ထံမှ သိရသည်။

ကျွန်းစုမြို့နယ် ဂျိုးတောင်ရွာနှင့် ဝါရစ်ရွာမှ စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်း အင်အား (၂၀၀)ခန့်ဖြင့် စစ်ကြောင်း နှစ်ကြောင်းခွဲကာ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၈)ရက်နေ့မှစတင်ပြီး သြဂုတ်လ (၄)ရက်နေ့အထိ လယ်သစ်ကျေးရွာသို့ ဦးတည်ချီတက်လာခဲ့ပြီး လမ်းတစ်လျှောက် တော်လှန်ရေးအင်အားစုများဖြင့် ထိတွေ့တိုက်ပွဲ (၁၁)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် အများအပြား ထိခိုက်သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီစစ်ကြောင်းသည် လယ်သစ်အနောက်ကမ်းရှိ နေအိမ်လေးလုံးအား မီးရှို့ဖျက်ဆီး၍ သြဂုတ်လ (၄) ရက်နေ့တွင် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

ဒီရေတက်မှုကြောင့် အများပြည်သူ ဒုက္ခရောက်နေချိန်တွင် ကြည်း ၊ရေ ၊လေ အသုံးပြု၍ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးအင်အားစုများမှ ခုခံတိုက်ထုတ်နိုင်ခဲ့ပြီး ဒီရေအကျနှင့်အတူ ပြန်လည်မြောဆင်းသွားပြီဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း (၂) က ဆိုသည်။

ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ တပ်ဖွဲ့ဝင် (၂)ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၊ သြဂုတ်လ (၄)ရက်နေ့ ထိတွေ့တိုက်ပွဲအတွင်း အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ခုခံတိုက်ခိုက်မှုများအား မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း (၂)၊ တိုင်း ပကဖ လုံခြုံရေး တပ်ဖွဲ့ ၊ Dragon Squad ဒရုန်းအဖွဲ့ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency