စစ်ကောင်စီလက်အောက်ခံ စိန်ကျော့နှင့် မိုင်းခေးပြည်သူ့စစ် SSPP ထံ လက်နက်အပြည့်အစုံဖြင့် ပြန်လည်ပူးပေါင်းလာ

စစ်ကောင်စီလက်အောက်ခံ စိန်ကျော့နှင့် မိုင်းခေးပြည်သူ့စစ် SSPP ထံ လက်နက်အပြည့်အစုံဖြင့် ပြန်လည်ပူးပေါင်းလာ
စက်တင်ဘာ 5, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)ထံ စိန်ကျော့နှင့် မိုင်းခေးပြည်သူ့စစ်များ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၅)ရက်နေ့တွင် ပြန်လည်ပူးပေါင်းလာကြောင်း SSPP ထံမှ သိရသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဌာနချုပ်ရှိရာ ဝမ်ဟိုင်းဒေသတွင် စိန်ကျော့ပြည်သူ့စစ် ဥက္ကဌ စဝ်လွယ်မောဝ် ဦးဆောင်သည့် စိန်ကျော့ဌာနေပြည်သူ့စစ်မှ တပ်သားအများအပြား လက်နက်အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းခြင်းဖြစ်ကြောင်း သိရသည်။ 

စဝ်လွယ်မော ဦးဆောင်သည့် စိန်ကျော့ပြည်သူ့စစ်အဖွဲ့ကို SSPP/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ပန်ဖ ကိုယ်တိုင် အခမ်းအနားဖြင့်ကြိုဆိုခဲ့ပြီး မိခင်အဖွဲ့အစည်းသို့ ပြန်လည်တာဝန်ထမ်းဆောင်သည့် စိန်ကျော့ပြည်သူ့စစ်အဖွဲ့ထံ SSPP/SSA က ငွေကျပ်သိန်း(၅ဝဝ)ဆုချီးမြှင့်သည်ဟု သိရသည်။ 

တပ်မဟာ(၃) စိန်ကျော့ဌာနပြည်သူ့စစ်၊ တပ်မဟာ(၇) ကာလိပြည်သူ့စစ်နှင့် SSPP/SSA တပ်မတော်တို့သည် သျှမ်းပြည်တပ်မတော်(SSA)အဖြစ် ယခင်တစ်ဖွဲ့တည်း ပူးပေါင်းလှုပ်ရှားရာက နအဖ အစိုးရ၏ ဖိအားပေးမှုကြောင့် ၂၀၁၀ ခုနှစ် ဧပြီလ (၁၄)ရက်နေ့တွင် SSA တပ်မဟာ(၃)မှာ စိန်ကျော့ပြည်သူ့စစ်အဖြစ်ပြောင်းလဲပြီး SSA တပ်မဟာ(၇)မှာ ကာလိပြည်သူ့စစ်နှင့် SSA တပ်မဟာ(၁)မှာမူ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)အဖြစ် ပြောင်းလဲခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့သည့် (၁၄)နှစ်အကြာတွင် တစ်ဖွဲ့တည်းပြန်လည်ပေါင်းစည်းနိုင်ခဲ့ပြီး SSPP ထံသို့ လာရောက်ပူးပေါင်းခဲ့သည့် စိန်ကျော့နှင့် မိုင်းခေးတပ်မဟာ (၃)မှာ အင်အား (၂၀၀) ကျော်ခန့်ရှိကြောင်း သိရသည်။

#TachileikNewsAgency

Photo: SSPP Info