မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ်အတွင်းရှိ လမ်းပိုင်းတချို့တွင် ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်များအနေဖြင့် ထုတ်ပြန်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာခြင်းမရှိပါက အရေးယူတော့မည်ဖြစ်ကြောင်း မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးသည်။
မင်းတုန်းမြို့နယ်အတွင်းရှိ ပုသိမ်-မုံရွာ လမ်းပိုင်းနှင့် သရက်-မင်းတုန်း လမ်းပိုင်းများတွင် ခရီးသွားပြည်သူများ လိုက်နာရန် သတိပေးချက်များကို မင်းတုန်းမြို့နယ် ပကဖ က ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက် (၅)လကြာမြင့်ချိန်တွင် စည်းကမ်း မလိုက်နာသည့် ယာဉ်များအား အရေးယူတော့မည်ဖြစ်ကြောင်း သတိပေးခြင်းဖြစ်သည်။
“သတိပေးထားဝာာ (၅)လ ပြည့်ပြီးသွားခဲ့ပြီ ဖြစ်ပါသည်။ လမ်းမပေါ်ထိတက်ပြီး ကွင်းဆင်းပြီး လက်တွေ့ ပညာပေးခြင်းများလည်း ပြုလုပ်ခဲ့ ပြီးပါပြီ။ လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အိမ်စီးကားများဖြင့်သာ သွားလာနေကြပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ညဘက် မောင်းနှင်ခြင်းနှင့် နေ့ဘက် ကားမှန်အလုံပိတ်မောင်းနှင်သည့် မည်သည့်မော်တော်ယာဉ်ကိုမဆို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဟုသာ ယူဆပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက် အရေးယူသွားပါတော့မည်။”ဟု မင်းတုန်းမြို့နယ် ပကဖ က ဖော်ပြသည်။
မင်းတုန်းမြို့နယ်အတွင်းရှိ ပုသိမ်-မုံရွာ လမ်းပိုင်းနှင့် သရက်-မင်းတုန်း လမ်းပိုင်းများတွင် ဖြတ်သန်း သွားလာကြသည့် ခရီးသွား ပြည်သူများအနေဖြင့် ကားများ မှန်ချပြီး မောင်းနှင်ကြရန် ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထုတ်ကုန်ပစ္စည်းများ တင်ဆောင်ခြင်းများ မပြုလုပ်ကြရန် ၊ စစ်ကောင်စီကားများနှင့် အနီးကပ် ယှဉ်တွဲမောင်းနှင်ခြင်းမပြုရန်နှင့် ည (၇) နာရီမှ နံနက် (၆)နာရီအတွင်း လမ်းပိုင်းပေါ်တွင် မောင်းနှင်ခြင်း မပြုကြရန် မင်းတုန်းမြို့နယ် ပကဖ က ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အများပြည်သူလုံခြုံရေးနှင့် စစ်ဆင်ရေး အခြေအနေများအရ တားမြစ်ချက်များ ထုတ်ပြန်ခြင်းဖြစ်ပြီး အဆိုပါ သတိပေးချက်များကို လိုက်နာခြင်းမရှိပါက နောက်ဆက်တွဲ ပြသနာများကို တာဝန်ယူဖြေရှင်းမည်မဟုတ်ကြောင်း မင်းတုန်းမြို့နယ် ပကဖ က အသိပေးထားသည်။
#TachileikNewsAgency
Photo: Mindon Township People Defense Organization