တနင်္သာရီမြို့နယ် လယ်သစ်ရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွား

တနင်္သာရီမြို့နယ် လယ်သစ်ရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွား

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လယ်သစ်ရွာသို့ အင်အား (၂၀၀)ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ (၁၁)ကြိမ်ဖြစ်ပွားကြောင်း တနင်္သာရီမြို့နယ် ပကဖထံမှ သိရသည်။

ကျွန်းစုမြို့နယ် ဂျိုးတောင်ရွာမှ တနင်္သာရီမြို့နယ် လယ်သစ်ရွာသို့ အင်အား (၂၀၀) ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၈)ရက်နေ့မှ သြဂုတ်လ (၄)ရက်နေ့အထိ (၁၈) ရက်ကြာ ကာလအတွင်း ထိတွေ့တိုက်ပွဲ (၁၁)ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီတပ်သားများအား အကြိမ်ကြိမ် မိုင်းဆွဲခြင်း ၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းနှင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီး တစ်ဦးအပါအဝင် အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖက ဆိုသည်။

စစ်ကြောင်း ထိုးနေစဉ်အတွင်း စစ်ကောင်စီက လေကြောင်း ၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရပ်သား ဥယျာဉ်ခြံစောင့်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုများအား မြိတ်ခရိုင်တပ်ရင်း(၂) တပ်ခွဲ(၂) ၊ တနင်္သာရီမြို့နယ်ပကဖ၊ ကျွန်းစုပကဖ ၊ ကာကွယ်ရေးပြောက်ကျား ၊ တနင်္သာရီရိုးမ ၊ တောဗုံးကြီး ၊ တောင်ပံနီ၊ တိုင်းပကဖလုံခြုံရေး၊ Dragon Squad ဒရုန်းအဖွဲ့နှင့် KNLA အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့