ပဲခူးတိုင်း မုန့်မြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အဆောက်အဦးများစွာ ပျက်စီးရပြီး ဒေသခံသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။
မုန်းမြို့ပေါ် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ အရပ်သားများနေထိုင်ရာ နေရာများအတွင်းသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရေလဲကျေးရွာအတွင်းရှိ ဘုရားကျောင်း (၁)ကျောင်းနှင့် နေအိမ် (၄)လုံးခန့် ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မုန်းမြို့ပေါ် ရပ်ကွက်များနှင့် အနီးအနားရှိကျေးရွာပေါင်း (၉၅)ရွာရှိ ဒေသခံ သောင်းချီထွက်ပြေးခဲ့ရပြီး KNU၏ ကောက်ခံရရှိထားသောစာရင်းများအရ ကျေးရွာပေါင်း (၈၅)ရွာမှ ဒေသခံ (၆၈,၄၀၃)ဦးခန့် ရှိနေသည်ဟု သိရသည်။
မုန်းမြို့ပေါ်အတွင်း နယ်မြေတည်ငြိမ်မှုမရှိသေးသည့်အတွက် ဒေသခံများပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများ ထိခိုက်ပျက်စီးမှု၊ လူထိခိုက်သေဆုံးရမှုနှင့် ထွက်ပြေးတိမ်းရှောင်နေရသည့် အချက်အလက်များကို အတိအကျ ကောက်ယူနိုင်ခြင်းမရှိသေးဟု ဆိုသည်။
လက်ရှိအချိန်တွင် ထွက်ပြေးတိမ်းရှောင်လာသူများအား KNUမှ ကူညီစောင့်ရှောင့်ပေးနေသော်လည်း လူဦးရေများလာသဖြင့် စစ်ဘေးရှောင် ပြည်သူလူထုများအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများဖြစ်သည့် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းအတွက် အမိုးအကာများ၊ စောင်နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်ဟု သိရသည်။
အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူညီများအား ကူညီလုပ်ဆောင်ပေးလိုသူများအနေဖြင့် မုန်းမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ၊ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များ ဆိုင်ရာကော်မတီ (C.I.D.K.P)နှင့် KNU ဗဟိုထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo:KNU