မှော်ဘီမြို့နယ်တွင် စစ်ကောင်စီရဟတ်ယာဉ်တစ်စီးပျက်ကျကာ ဗိုလ်ချုပ်စိုးတင်လတ်အပါ ၃ ဦးသေ

မှော်ဘီမြို့နယ်တွင် စစ်ကောင်စီရဟတ်ယာဉ်တစ်စီးပျက်ကျကာ ဗိုလ်ချုပ်စိုးတင်လတ်အပါ ၃ ဦးသေ

ရန်ကုန်တိုင်း စစ်ကောင်စီတပ်နယ်မြေ မှော်ဘီမြို့နယ်၌ ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ (၂)ရက်နေ့တွင် ရဟတ်ယာဉ်တစ်စီးပျက်ကာ စစ်ကောင်စီတပ်မှ ဗိုလ်ချုပ်တစ်ဦးအပါဝင် (၃)ဦးသေဆုံးကြောင်း သိရသည်။

ယနေ့ မှော်ဘီလေတပ်တွင် လေ့ကျင့်ပျံသန်းရန် ကွင်းမှအတက်တွင် ရဟတ်ယာဥ်ပျက်ကျသဖြင့် တောင်ပိုင်းတိုင်း လေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်စိုးတင်လတ်နှင့် တွဲဘက်လေယာဥ်မှူး(၂)ဦးတို့ သေဆုံးပြီး စက်မှူအကြပ်ကြီးတို့ ပြင်းထန်စွာဒဏ်ရာရသည်ဟု တပ်တွင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။

ပျက်ကျသည့် ရဟတ်ယာဉ်သည် Eurocopter အမျိုးအစားဖြစ်ပြီး ဒေါ်လာ(၉)သိန်းတန်ကြေးရှိကာ စစ်ကောင်စီလော်ဘီများကလည်း ရဟတ်ယဉ်ပျက်ကျ၍ ဗိုလ်ချုပ်တစ်ဦးသေကြောင်း ရေးသားထားကြသည်။

“ရဟတ်ယာဉ်ပျက်ကျတာ အတည်ဖြစ်ဖို့များပါတယ်။ ကျွန်တော်တို့လည်း စုံစမ်းနေဆဲပါ။”ဟု CDM ဗိုလ်ကြီး ဇင်ယော်က Tachileik News Agency ကိုပြောသည်။

အဆိုပါ Eurocopter ရဟတ်ယာဉ်အမျိုးအစားသည် ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဇန်နဝါရီလက ကရင်ပြည်နယ်၊ သင်္ဃန်းညီနောင်တွင် ကော်ဘရာစစ်ကြောင်းက ပစ်ချလိုက်သည့် စစ်ရဟတ်ယာဉ်နှင့် အမျိုးအစားတူညီသည်ဟု သိရသည်။

#TachileikNewsAgency