လားရှိုးမြို့တွင်းကို လက်နက်ကြီးများထပ်ကျ၍ ဒေသခံများ ထိခိုက်မှုရှိ

လားရှိုးမြို့တွင်းကို လက်နက်ကြီးများထပ်ကျ၍ ဒေသခံများ ထိခိုက်မှုရှိ
ဇူလိုင် 13, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အတွင်းသို့ ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့တွင် လက်နက်ကြီးများထပ်ကျကာ ဒေသခံ (၅)ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့နံနက်ပိုင်းတွင် လားရှိုးရပ်ကွက်(၇) တိုက်စိမ်းအထည်ဆိုင်အနောက် စစ်ဘေးရှောင်စခန်း အနီးဝန်းကျင်တွင် လက်နက်ကြီးတစ်လုံး၊ အေတီတံတား အနီးပတ်ဝန်းကျင်တွင် လက်နက်ကြီးတစ်လုံးကျကာ ဈေးသည်(၅)ဦး ဒဏ်ရာရသည်ဟု သိရသည်။

ထို့အပြင် လားရှိုးမြို့ ရက်ကွက်(၁) ဗျူဟာလမ်းနှင့် တက္ကသိုလ် အနီးတဝိုက်သို့ လက်နက်ကြီးများကျရောက်ပြီး ရပ်ကွက်(၁၀) အတွင်းသို့ လက်နက်ကြီး (၅)လုံးကျကာ နေအိမ်များ ပျက်စီးသည်ဟု သိရသည်။

ယမန်နေ့ကလည်း လားရှိုးမြို့ ရပ်ကွက် (၁)ရှိ မြောင်းမြလမ်း၊ သာယာလမ်း၊ ပန်ဝိုင်လမ်းကြား၊ ရပ်ကွက် (၄)၊ အထက(၅)နှင့် ပါရမီးလမ်းသွယ် "ဝ" တိုင်းရုံးအနီးတို့ကို လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့သည်။

ထို့အပြင် အထက(၅) ကျောင်းဝင်းအတွင်းသို့ လက်နက်ကြီးကျခြင်းကြောင့် ကျောင်းဆရာအပါအဝင် (၃)ဦးသေဆုံးခဲ့ရသည်။

လားရှိုးမြို့အတွင်း လက်နက်ကြီးကျခြင်းကြောင့် ဇူလိုင်လ (၃)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကလေး(၄)ဦးအပါအဝင် (၃၂)ဦးသေဆုံးခဲ့ရပြီး (၃၆)ဦး ဒဏ်ရာရရှိခဲ့သည်။

မြို့တွင်းသို့ လက်နက်ကြီးများကျရောက်နေခြင်းနှင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်းကြောင့် ဒေသခံများမှာ လားရှိုးမြို့တွင်းမှ အလုံးအရင်းဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

#TachileikNewsAgency

Photo: CJ