သရုပ်ဆောင် ထူးခြား လူကိုကားနှင့်တိုက်ပြီးထွက်ပြေး

သရုပ်ဆောင် ထူးခြား လူကိုကားနှင့်တိုက်ပြီးထွက်ပြေး
ဇူလိုင် 31, 2024 | အခြားဒေသများ

ရန်ကုန်တိုင်း သာကေတမြို့နယ် ဧရာဝဏ်လမ်းမကြီး အနော်မာထိပ်မှတ်တိုင်အနီးတွင် ၂၀၂၄ခုနှစ် ဇူလိုင်လ (၃၀)ရက်နေ့ ညပိုင်းက သရုပ်ဆောင်ထူးခြားမောင်းနှင်သည့်ကားက ဘထ္တရီစက်ဘီးစီးနင်းလာသူကို ဝင်တိုက်ရာ စက်ဘီးစီးလာသူ အမျိုးသားတစ်ဦးသေဆုံးသွားသည်ဟု ဒေသခံများထံမှ သိရသည်။

ကားတိုက်ခံရသူမှာ အသက်(၆၀)နှစ်အရွယ် အမျိုးသားဖြစ်ပြီး ကားတိုက်ခံရမှုကြောင့် ဦးခေါင်းထိခိုက်(စိုးရိမ်ရ) ဒဏ်ရာဖြင့် ဆေးရုံသို့ပို့ဆောင်ရာ ဆေးရုံအရောက်တွင် ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်ဟု သိရသည်။

 

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် သရုပ်ဆောင်ထူးခြားမှာ ထွက်ပြေးလွတ်မြောက်နေပြီး ၎င်းသည် စစ်ကောင်စီထောက်ခံသူ Boycott စာရင်းဝင် ယုန်လေး၊ မြင့်မြတ်တို့နှင့် ခင်မင်ရင်းနှီးသူဖြစ်သည်။

“ဧရာဝဏ်လမ်းပေါ်က Friday Bar အရှေ့မှာ အလုပ်ကနေ စက်ဘီးနဲ့ပြန်လာတဲ့လူကို ကားနဲ့တိုက်မိတာ။ အမျိုးသားကတော့ ဒဏ်ရာနဲ့ပဲသေသွားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီးလည်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က ဖော်ပြထားပြီး  မိတ်ဖက်ပရဟိတအသင်းဖြစ်သည့် ဒို့ညီနောင်လူမှုကူညီရေးအသင်း လူနာတင်ယာဥ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့သည်ဟု ဆိုသည်။ 

ကားဖြင့်တိုက်ပြီး ထွက်ပြေးသွားသူမှာ သရုပ်ဆောင်ထူးခြားဖြစ်ကြောင်းကိုလည်း ၎င်းတို့အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

“မနေ့ ညကဖြစ်တဲ့ ယာဉ်တိုက်မှုမှာ ကျွန်တော်နဲ့ လုံးဝမသက်ဆိုင်ပါကြောင်း။ အဲ့ဒီဖြစ်စဉ်ဖြစ်တဲ့အချိန်မှာ ကျတော်အနီးအနားမှာရှိပါသည်။ လူအများရဲ့ထုံးစံအတိုင်း ကျတော်လဲသွားကြည့်ခဲ့မိပါသည်။ ထို့အတွက်ကြောင့် ကျတော်စွတ်စွဲခံရပါသည်။ အခုလဲအဲ့ဒီကိစ္စကို တရားဥပဒေအရ ဖြေရှင်းနေသည်လို့ကြားသိရပါသည်။ ကျတော်ကိုစွတ်စွဲပြောဆိုနေကြတဲ့ Acc..page များကို ကျတော် ss ရိုက်ထားပါသည်။ ထို့အတွက်ကြောင့် ကျတော် တရားဥပဒေနဲ့ ဖြေရှင်းသွားပါမည်။ စိတ်ပူပန်ပေးကြတဲ့သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းများကိုလဲကျေးဇူးတင်ပါသည်။”ဟု သရုပ်ဆောင်ထူးခြားက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ယနေ့ ညနေပိုင်းတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

News : https://www.tachileik.net/mm/news/36869

#TachileikNewsAgency

Photo: သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့