သံတွဲမြို့ကိုအလုံးစုံသိမ်းနိုင်ရန် ကွင်းဝိုင်းရေတပ်ကို AA အပြင်းအထန်ထိုးစစ်ဆင်နေပြီး ကမ္ဘာကျော် ငပလီပျက်စီးမှုများ

သံတွဲမြို့ကိုအလုံးစုံသိမ်းနိုင်ရန် ကွင်းဝိုင်းရေတပ်ကို AA အပြင်းအထန်ထိုးစစ်ဆင်နေပြီး ကမ္ဘာကျော် ငပလီပျက်စီးမှုများ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများတွင် သံတွဲမြို့သည် ပျက်စီးမှုအနည်းဆုံးဟုဆိုနိုင်သော်လည်း စစ်အုပ်စုနှင့် ခရိုနီအများစုပိုင်ဆိုင်ထားသော ဟိုတယ်အများစုရှိသည့် သန်းပေါင်းများစွာတန် ငပလီကမ်းခြေတလျောက်တွင် ပျက်စီးဆုံးရှုံးမှု အင်မတန်များပြားသည်ဟု သိရသည်။

သံတွဲမြို့နှင့် (၄)မိုင်အကွာတွင် တပ်တည်ထားသည့် စစ်ကောင်စီတပ်(၂)ခုကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်၏ ကြည်း၊ ရေ၊ လေ ခုခံတိုက်ခိုက်မှုကြောင့် ကမ္ဘာတွင် ထင်ပေါ်ကျော်ကြားသည့် ငပလီကမ်းခြေမှာ အပျက်အစီးများပြီး မြင်ရက်စရာပင်မကောင်းဟုလည်း ဒေသခံများကဆိုသည်။

“ကမ်းခြေတလျောက်က ငပလီ၊ လင်းသာ၊ ‌မြပြင် အပျက်အစီးများတယ်။ အခြေအနေအသေးစိတ်ကတော့ ပြောပြလို့မရနိုင်တဲ့အခြေအနေပါ။ ရပ်ကွက်တွေထဲတော့ ဦးတည်ပစ်တာမဟုတ်တော့ သိပ်မပျက်ဘူး။ ကမ်းခြေက အဆောက်အဦးတွေကို အဓိကထားပစ်တာဆိုတော့ ဟိုတယ်တွေပျက်တယ်။ ဘုန်းကြီးကျောင်းတွေပျက်တယ်။ အခုလည်း ဂျိတ္တောမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို AA က ထိုးစစ်ဆင်နေတော့ လေယာဉ်နဲ့ ဗုံးကြဲနေတယ်။” ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဒေသခံများ၏အတည်ပြုချက်အရ စစ်အုပ်စုနှင့် ခရိုနီများပိုင်ဆိုင်ထားသည့် လင်းသာကမ်းခြေရှိ Ace Hotel၊ ဂေါ့ရပ်ကွက်ရှိ Jasmine Hotel၊ ဇီးဖြူကုန်းရပ်ကွက်ရှိ Amazing Hotel တို့မှာ ပျက်စီးပြီး အခြားသော ဟိုတယ်များလည်း ပျက်စီးမှုများသည်ဟု ဆိုသည်။ 

အာရက္ခတပ်တော်(AA)သည် ကွင်းဝိုင်းရေတပ်စခန်းအား ကာကင်းလုပ်ထားသည့် ဂျိတ္တောရပ်ကွက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်အင်အား(၂၀၀)ဝန်းကျင်ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး အဆိုပါစစ်ကောင်စီတပ်များသည် ပြေးစရာကုန်းမြေမရှိတော့၍ ပိတ်မိနေပြီဟုလည်း ဒေသခံများက ဆိုသည်။

“မနေ့က နေ့လယ်ပိုင်းမှာ ဦးစိုင်းမောင်မြင့်မျှော်စင်နဲ့ အဘဲလမ်းမှာ တိုက်ပွဲဖြစ်တယ်။ ညနေပိုင်းမှာ မြပြင်မြို့ရှောင်လမ်းနဲ့ တစ်ပြိုင်ထဲ ဂျိတ္တောဘုန်းကြီးကျောင်း၊ ဒေါင်းသောက်ရေဆယ်တမံတွေမှာ တိုက်ပွဲဖြစ်တယ်။ ပြီးတော့ စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတယ်။ တိုက်ပွဲက ဆက်ဖြစ်နေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ကွင်းဝိုင်းရေတပ်သို့သွားနိုင်သည့် သံတွဲ-ဂွလမ်းပေါ်မှ ဇလွန်တွင်ယခင်က တပ်စွဲထားရာက ပြီးခဲ့သည့်ရက်ပိုင်းတွင် ဇလွန်မှ ကွင်းဝိုင်းရေတပ်သို့သွားသည့်လမ်း ဆင်ဒင်ကြီး-ဆင်ဒင်လေးရွာအနီးရှိ တံတား(၃)စင်းကို မိုင်းခွဲဖျက်စီးပြီးနောက် တပ်ဖျောက်သွားသည်ဟု ဆိုသည်။

အဆိုပါတပ်များသည် လက်ရှိ အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ကွင်းဝိုင်းရေတပ်စခန်းသို့ စစ်ကူရောက်သွားခြင်းဖြစ်နိုင်ပြီး AA ကလည်း ကွင်းဝိုင်းရေတပ်ကို ယမန်နေ့ကစတင်၍ ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။

“ကွင်းဝိုင်းရေတပ်ကို ဝင်တိုက်နေပြီ။ ညကလည်း တစ်ညလုံးကိုတိုက်နေတာ။ အခုလည်း မိုးလင်းတာနဲ့အသံတွေက ထပ်ကြားနေရတယ်။ ညက(၇)နာရီလောက်မှာ လေကြောင်းပစ်ကူ (၅)ကြိမ်လုပ်တယ်။ မိုးတွေကလည်းအရမ်းသည်းနေတယ်။ AA ကလည်း နှစ်ရက်နဲ့အပြီးသိမ်းမယ်လို့ ပြောဆိုတာတွေကြားတယ်။ တော်တော်ကို အကြိတ်အနယ်ပဲ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကွင်းဝိုင်းရေတပ်ကို AA က ဝင်မတိုက်မီ ဇူလိုင်လ (၂၂)ရက်နေ့အထိ စစ်ကောင်စီတပ်က ကွမ်းဝိုင်းရေတပ်စခန်းသို့သွားသည့်လမ်းပေါ်ရှိ သရက်ပင်ကွင်းကျေးရွာ၊ ဇလွန်-သပြုချိုင်လမ်း အနီးတဝိုက်ရှိ မဒေါစမ်းကျေးရွာနှင့် ကျွဲသောက်လမ်းခွဲတောအစပ်များ၊ အဘဲကျေးရွာတို့ လက်နက်ကြီးနှင့်ပစ်ခတ်ခံရကာ ဒေသခံစစ်ရှောင်(၇)ဦးအထိသေဆုံးခဲ့ရသည်။

သံတွဲမြို့တွင်းအခြေအနေမှာ ရတနာလမ်း၊ အကျဉ်းထောင်အနီးနှင့် အံတော်ရပ်ကွက်တို့တွင် အပျက်အစီးအနည်းငယ်ရှိပြီး သံတွဲမြို့အနီး ရွှေကျောင်းပြင်ရွာတွင် အပျက်အစီးများသည်ဟု သိရသည်။

“မြို့တွင်းက အပျက်အစီးနည်းပါတယ်။ ဒေသခံတွေလည်း ပုံမှန်အတိုင်းသွားလာနေပြီလို့ ပြောလို့ရတယ်။ ထောင်နားပတ်ဝန်းကျင်မှာတော့ အနံ့အသက်မကောင်းဘူး။ ပုပ်နံ့နံတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။ 

သံတွဲမြို့ကို AA က မထိန်းချုပ်မီ အကျဉ်းထောင်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား(၄၀)ဦးကို ဖမ်းဆီးရမိခဲ့ပြီး အကျဉ်းသားများကို AAက ကယ်ထုတ်နိုင်ခဲ့ကာ မြို့ကိုလည်း ထိန်းချုပ်နိုင်ခဲ့သည်ဟု သိရသည်။

လက်ရှိတွင် သံတွဲမြို့မှထွက်ပြေးရသည့် စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းများမှာ ဂွမြို့နယ်၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့တွင် ရောက်ရှိနေပြီး ရာထူးပြန်ရရေးနှင့် လုပ်ငန်းခွင်ပြန်ဝင်နိုင်ရေးအတွက် လုပ်ဆောင်နေကြကာ သံတွဲမြို့တွင်း ကျန်ရစ်ခဲ့ရသည့် ဝန်ထမ်းများမှာ ၎င်းတို့၏ရာထူးနှင့် အလုပ်ပြန်မရနိုင်တော့ကြောင်း တပ်တွင်း သတင်းအရင်းအမြစ်က ဆိုသည်။

“လာရတာခက်ခဲတယ်။ ရန်ကုန်ရောက်တော့လည်း အခန်းခက နှစ်သိန်းကျပ်နီးပါးဆိုတော့ မငှားနိုင်ဘူး။ ငှားတော့လည်း ခြေဆန့်စရာတောင်မရှိဘူး။ နောက်ပြီး စားဖို့ကိစ္စကဘယ်လိုလုပ်မတုန်း။ ဒါကြောင့်လည်း အလုပ်ပြန်မဝင်ကြသူတွေလည်းရှိတယ်။”ဟု တပ်တွင်း သတင်းအရင်းအမြစ်က ပြောသည်။

သံတွဲမြို့ကို AAက အလုံးစုံသိမ်းပိုက်ပါက ပြန်လာမည့် ဒေသခံဝန်ထမ်းများလည်းရှိနေပြီး လက်ရှိအနေအရ စစ်ကောင်စီတပ်က AA ထိုးစစ် ဂွမြို့အထိရောက်မလာနိုင်ရန် သံတွဲ-ဂွလမ်းတွင် ဂိတ်ဖွင့်စစ်ဆေးမှုများရှိသည့်အပြင် စစ်သင်္ဘောများဖြင့်လည်း ကျေးရွာများကို ပစ်ခတ်နေခြင်းရှိသည်ဟု သိရသည်။

AA သည် ငပလီကမ်းခြေရှိ သံတွဲလေဆိပ်၊ ခမရ(၅၆၆)တပ်နှင့် ခလရ(၅၅)တပ်တို့ကို သိမ်းပိုက်ပြီးဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပြီးဖြစ်သော်လည်း သံတွဲမြို့ကိုမူ သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ခြင်းမရှိသေးပါ။

#TachileikNewsAgency