ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များကို ခေါ်ယူကာ စစ်ကောင်စီခြိမ်းခြောက်

ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များကို ခေါ်ယူကာ စစ်ကောင်စီခြိမ်းခြောက်
ဇူလိုင် 11, 2024 | 2021 Military Coup

ပြည်တွင်း ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များကို ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့က နေပြည်တော်သို့ ခေါ်ယူကာ အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုကြောင်း သိရသည်။

ဘဏ်လုပ်ငန်းရှင်များကို စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ စစ်ကောင်စီအဖွဲ့ဝင်နှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့က ခေါ်ယူခြိမ်းခြောက်ခြင်းဖြစ်ကြောင်း သိရသည်။

ဘဏ်များအနေဖြင့် နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းစနစ်ဖြင့် ယှဉ်ပြိုင်ခြင်းထက် ကိုယ်ကျိုးစီးပွားကြောင့် လက်ဝါးကြီးအုပ်ခြင်း၊ ဈေးကစားမှုပြုခြင်းများကြောင့် အများပြည်သူ၏အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်ပေးရမည်ဖြစ်ကြောင်း စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးက ပြောသည်။

ထို့အပြင် တည်ဆဲဥပဒေစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ပြီး နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေပါက သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ခြိမ်းခြောက်ပြောဆိုသည်။

လက်ရှိတွင် သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်မှုများသည် နိုင်ငံတော်၏စီးပွားရေးမူဝါဒများအား ထိပါးလာသည့်အတွက် ကြီးကြပ်ဆောင်ရွက်ပေးနေပြီး ပြည်သူများအနေဖြင့်လည်း မလိုအပ်ဘဲ ငွေကြေးအမြောက်အများ ထုတ်ယူခြင်းများ မပြုလုပ်ကြရန်လည်း အောင်လင်းဒွေးက ဆက်ပြောသည်။

စစ်ကောင်စီသည် ဇူလိုင်လ(၁)ရက်နေ့ ပုဂ္ဂလိကဘဏ်(၇)ခုနှင့် ဘဏ်ပိုင်ရှင်များကို အိမ်ရာချေးငွေများအား ဗဟိုဘဏ်သတ်မှတ်ထားသည်ထက်ပို၍ ထုတ်ချေးမှုဖြင့်အရေးယူကြောင်း ကြေညာပြီးနောက် ဇူလိုင်လ(၂) ရက်နေ့မှ စတင်ပြီး ငွေထုတ်သူများပြားခဲ့သည်။

ဇူလိုင်လ (၂)ရက်နေ့တွင် Special ဘဏ်အကောင့်တစ်ခုလျှင် တစ်နေ့သိန်း(၅၀)သာ ငွေထုတ်ပေးကြောင်းပြောဆိုခဲ့ပြီးနောက် ဇူလိုင်လ(၃)ရက်နေ့တွင်မူ တစ်နေ့ ငွေကျပ်သိန်း(၃၀)၊ ဇူလိုင်လ(၄)ရက်နှင့် ဇူလိုင်လ(၅)ရက်နေ့တွင် တစ်ပတ်ငွေကျပ်သိန်း(၂၀)အထိ လျော့ချငွေထုတ်ခွင့်ပြုခဲ့သည်။

ဇူလိုင်လ (၈)ရက်နေ့တွင်မူ တစ်ပတ်ငွေကျပ် (၁၀)သိန်းသာရတော့သည့်အခြေအနေဖြစ်လာပြီး ငွေထုတ်ယူခွင့်များကို စစ်ကောင်စီက ကန့်သတ်ထိန်းချုပ်လာခြင်းဖြစ်သည်။

#TachileikNewsAgency