သံတွဲမြို့နယ်ကို AA စတင်ထိန်းချုပ်နေပြီဟုဆို 

သံတွဲမြို့နယ်ကို AA စတင်ထိန်းချုပ်နေပြီဟုဆို 

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ နေရာများကို အာရက္ခတပ်တော်(AA)က စတင်ထိန်းချုပ်နေပြီဖြစ်ပြီး ရွှေလှေတိုက်နယ်မှ သံတွဲမြို့အံတော်ဘက်ခြမ်းအထိ အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားပြီးဖြစ်ကာ မြိုတွင်း၌သာ စစ်ကောင်စီတပ်များ ကျန်ရှိတော့သည်ဟု စစ်ရေးသတင်းအရင်းအမြစ်နှင့် ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် မေလ (၁၃)ရက်နေ့ကစတင်ကာ သံတွဲမြိုနယ်နှင့် မိုင်(၂၀)ခန့်ဝေးသည့် သံတွဲ-တောင်ကုတ်အစပ် ရွှေလှေတိုက်နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် အထိနာသည့် စစ်ကောင်စီတပ်များသည် တပ်ဆုတ်သွားရာ AA သည် ရွှေလှေတိုက်နယ်နှင့် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းတို့ကို သိမ်းပိုက်လိုက်ခြင်းဖြစ်ကာ လက်ရှိတွင် ငပလီရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။

“ရွှေလှေဘက်မှာ စစ်သားဆိုတာ ဘာလဲလို့တောင်မေးယူရမယ်။ စစ်ကောင်စီတပ်တွေမရှိတော့ဘူး။ မင်းအောင်လှိုင်ရဲ့ မိန်းမရွာ ဇီးကျွန်းကအစ သူဌေးချောင်းစီမံကိန်းအကုန်လုံးကို AA က သိမ်းထားတာ။ ပြောရရင် သံတွဲမြိုနဲ့ တံတားခြားထားတဲ့ အံတော်ရပ်ကွက်တွေအထိ AAက သိမ်းထားတာ။ မြို့ထဲဘက်မှာတော့ စစ်ကောင်စီတပ်တွေရှိတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ရွှေလှေတိုက်နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားသေပြီးနောက် သံတွဲမြို့အထွက် တောင်ကုတ်-သံတွဲကားလမ်းပေါ်ရှိ ရွှေလှေတိုက်နယ်ဘက်သို့ လက်နက်ကြီးနှင့်ပစ်ခတ်နေသည့် ဘားတောင်လက်နက်ကြီးကုန်းမှ စစ်ကောင်စီတပ်သားများလည်း ထွက်ပြေးသွားပြီဖြစ်သဖြင့် AAက ဂိတ်ဖွင့်ကာ စစ်ဆေးနေပြီဟု ဆိုသည်။

“ပြောရရင် တောင်ကုတ်-သံတွဲလမ်းမှာ စစ်ကောင်စီတပ်မရှိတော့ဘူး။ အကုန်လုံးထွက်ပြေးသွားပြီ။ မြန်မာပြည်မြေပုံအစဟာ သံတွဲမြို့ အံတော်တံတားကနေစသလိုတောင်ဖြစ်နေပြီ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

သံတွဲ-ကင်းမော်-ဆင်ခေါင်းလမ်းပိုင်းတွင်လည်း AAသည် သံတွဲမြို့အနီး တစ်မိုင်အကွာ ရွှေကျောင်းပြင်ရွာအထိ ထိန်းချုပ်ထားပြီးဖြစ်ကာ  သံတွဲမြို့တွင်းသာ ဝင်ရောက်ထိန်းချုပ်ရန်ကျန်ရှိတော့သည့် အခြေအနေဖြစ်သည်ဟု ဆိုသည်။

“ဂျိတ္တော၊ ငပလီနဲ့ ငပလီ-သံတွဲလမ်းဘက်ကရွာတွေကိုတော့ မထိန်းချုပ်နိုင်သေးဘူး။ အဲဒီဘက်တွေကလည်း တိုက်ပွဲဖြစ်နေတာ။ လေယာဉ်ကလည်း နေ့တိုင်းဗုံးကြဲတယ်။ ဒေသခံတွေကတော့ အများစုက တိမ်းရှောင်နေကြပြီ။ လက်လုပ်လက်စားနဲ့ အနည်းစုတော့ ကျန်တာပေါ့။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် သံတွဲမြို့တွင်စစ်ရှုံးနေပြီဖြစ်ကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် သံတွဲမြို့အနီးဝန်းကျင်ရှိ ရွှေကျောင်းပြင်ရွာ၊ မြုံပြင်ရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံများထိခိုက်ဒဏ်ရာရကာ နေအိမ်များ ပျက်စီးမှုရှိသည်ဟု သိရသည်။

“စစ်ကောင်စီတပ်တွေရှိတာဆိုလို့ မြို့တွင်းက ထောင်မှာနေရာယူထားတာ။ စာနီတောင်ဘက်မှာနေရာယူထားတာပဲရှိတော့တယ်။ တချို့မြို့ အထွက်နေရာတွေမှာဆိုရင် ရှိတောင်မရှိတော့ဘူး။ မြို့ထဲမှာလည်း ရဲစခန်းပဲကျန်တယ်။ ဒီလိုအခြေအနေကို ဆိုက်ရောက်နေတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများ၏ပြောဆိုချက်ရ စစ်ကောင်စီတပ်များသည် မောင်ရွှေလေးရေတပ်စခန်းသို့ဆုတ်ခွါရာ ဂျိတ္တောရွာမှ ဒေသခံသားအဖနှစ်ဦးအား စက်လှေမောင်းခိုင်းရာမှ မမောင်းတတ်သဖြင့် ပစ်သတ်ထားခဲ့သည်ဟု သိရသည်။

“ပစ်သတ်လိုက်တာဟုတ်တယ်။ အမည်တွေတော့ မသိရဘူး။ ဖမ်းခံရတဲ့သူတွေလည်းရှိတယ်။ စစ်ကောင်စီတပ်တွေ တပ်ဆုတ်လာရင်း ပစ်သတ်ခဲ့တာ။ စစ်ကောင်စီတပ်တွေ ဂျိတ္တောဘက်အထိ တပ်ဆုတ်နေပြီ။ တစ်ရက်လုံး လေယာဉ်လည်းမလာဘူး။ ပစ်ခတ်သံလည်းမကြားဘူး။ ညနေပိုင်းတော့ လေယာဉ်လာတယ်။ နှစ်တပ်လုံးကျပြီလို့ ပြောနိုင်ပေမယ့် ၅၆၆ ကျပြီလို့တော့ သိထားရတယ်။ ၅၅ တပ်ကတော့ မသိရသေးဘူး။”ဟု ငပလီဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် မြို့တွင်း၌ AA တပ်နှင့် စစ်ကောင်စီတပ်တို့မရှိဟုလည်း ဒေသခံများက ပြောဆိုကြပြီး သံတွဲမြို့သည် ခရိုင်မြို့ဖြစ်သဖြင့် AA က သိမ်းပိုက်ပါက စစ်ကောင်စီ၏ ရခိုင်ပြည်နယ် စစ်အုပ်ချုပ်ရေးယန္တရားပျက်စီးသွားပြီ ဖြစ်သည်။

#TachileikNewsAgency