ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် နောက်နှစ်ရက်အတွင်း နှစ်ပေခန့် ထပ်မံမြင့်တက်လာနိုင်ပြီး မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ သတိပြုရန်လိုအပ်

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် နောက်နှစ်ရက်အတွင်း နှစ်ပေခန့် ထပ်မံမြင့်တက်လာနိုင်ပြီး မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ သတိပြုရန်လိုအပ်
ဇူလိုင် 1, 2024 | အခြားဒေသများ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၅)ပေခန့် (၁၅၂ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက် (၂)ရက်အတွင်း (၂)ပေခန့် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးမှုဦးစီးဌာန၏ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁)ရက်နေ့ မြန်မာစံတော်ချိန် (၁) နာရီခွဲ တိုင်းထွာချက်အရ သိရသည်။

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပြီး မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ရန်လိုအပ်ကြောင်း သိရှိရသည်။

ဇူလိူင်လ (၁)ရက်နေ့ မြန်မာစံတော်ချိန် (၁)နာရီခွဲတိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၅) ပေခန့် (၁၄၈ စင်တီမီတာ)တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက် (၃၆) နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ဧရာဝတီမြစ်ရေသည် ရွှေကူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် နှစ်ပေခွဲခန့် (၇၈ စင်တီမီတာ)တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း သိရှိရသည်။

ဧရာဝတီမြစ်ရေသည် ကသာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ငါးပေခွဲခန့် (၁၇၅ စင်တီမီတာ)တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက် (၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ဇူလိူင်လ (၁) ရက်နေ့ မြန်မာစံတော်ချိန် (၁)နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် တစ်ပေခွဲခန့် (၄၆ စင်တီမီတာ)တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက် (၆)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့နယ်တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် သုံးပေခန့် (၈၈ စင်တီမီတာ)တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက် (၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိလာနိုင်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့နယ်တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၇)ပေကျော် (၂၁၇ စင်တီမီတာ)တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက် (၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ ဗန်းမော်မြို့နယ် ၊ ရွှေကူမြို့နယ် ၊ ကသာမြို့နယ် ၊ ခန္တီးမြို့နယ် ၊ ဟုမ္မလင်းမြို့နယ် နှင့် ဖောင်းပြင်မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင်နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှုဦးစီးဌာနမှ အသိပေးထားသည်။

ဧရာဝတီမြစ်ရေသည် ၂၀၂၄ ခုနှစ် ဇူလိုင်လ ပထမ (၁၀)ရက် တစ်ပတ်အတွင်း မြစ်ကြီးနားမြို့ ၊ ရွှေကူမြို့ ၊ ကသာမြို့ ၊ သပိတ်ကျင်းမြို့ ၊ မန္တလေးမြို့ ၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တွင် (၆) ပေမှ (၁၀) ပေခန့် ၊ ပခုက္ကူမြို့ ၊ ညောင်ဦးမြို့ ၊ ချောက်မြို့ ၊ မင်းဘူးမြို့ ၊ မကွေးမြို့ ၊ အောင်လံမြို့နှင့် ပြည်မြို့တို့တွင် (၁၀) ပေမှ (၁၂) ပေခန့် ၊ ဆိပ်သာမြို့ ၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၄) ပေမှ (၅) ပေခန့် လက်ရှိရေမှတ်များထက် မြင့်တက်လာနိုင်ကြောင်း သိရှိရသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့ ၊ ဟုမ္မလင်းမြို့ ၊ ဖောင်းပြင်မြို့ ၊ မော်လိုက်မြို့ ၊ ကလေးဝမြို့ ၊ မင်းကင်းမြို့ ၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၈) ပေမှ (၁၃) ပေခန့်အထိ လက်ရှိရေမှတ်များထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။

မြစ်သာမြစ်ရေသည် ကလေးမြို့တွင် (၅) ပေခွဲခန့် ၊ ဒုဠဝတီမြစ်ရေသည် သီပေါမြို့နှင့် ရွှေစာရံတို့တွင် (၁) ပေမှ (၃)ပေခန့်အထိနှင့် မြစ်ငယ်မြို့တွင် (၈) ပေခန့် ၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် (၂) ပေမှ (၃) ပေခန့် ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင်(၂) ပေခန့် ၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် (၂) ပေမှ (၃) ပေခန့် ၊ သံလွင်မြစ်ရေသည် ဖားအံမြို့တွင် (၂) ပေခန့် လက်ရှိရေချိန်များထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။

သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၂) ပေခွဲခန့် ၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့ ၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် (၁) ပေမှ (၃) ပေခန့် ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၂) ပေခန့်နှင့် ဘီလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၃) ပေခွဲခန့် လက်ရှိရေမှတ်များအထက် လာမည့် (၁၀) ရက်အတွင်း မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှုဦးစီးဌာန၏ မြစ်ရေအခြေအနေခန့်မှန်းချက်အရသိရသည်။

#TachileikNewsAgency

Photo:Seng Hpung