သပိတ်ကျင်းမြို့နယ်ရှိ တွင်းငယ်-မိုးမိတ်လမ်းအား အပြည့်အ၀ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း PLA ကြေငြာ

သပိတ်ကျင်းမြို့နယ်ရှိ တွင်းငယ်-မိုးမိတ်လမ်းအား အပြည့်အ၀ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း PLA ကြေငြာ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ တွင်းငယ်-မိုးမိတ်လမ်းအား မဟာမိတ် TNLA ပူးပေါင်းတပ်နှင့်အတူ အပြည့်အဝထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA မှ ၂၀၂၄ခုနှစ် ဇွန်လ (၃၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

1027 စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA (၆၀၇) တပ်ရင်းသည် ညီနောင်မဟာမိတ် TNLA နှင့်အတူ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ဇွန်လ (၂၅) ရက်နေ့မှ စတင်ပြီး မိုးမိတ်မြို့နှင့် တွင်းငယ်မြို့ ကြားကို ဖြတ်တောက်ရေး စစ်ဆင်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇွန်လ (၂၆) ရက်နေ့ မနက်ပိုင်းတွင် ရွှေကျောက်မောရွာ ရဲစခန်းအား TNLA နှင့် PLA ပူးပေါင်းတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့ပြီး ဇွန်လ (၂၉) ရက်နေ့ ညနေပိုင်းတွင် တွင်းငယ်နှင့် မိုးမိတ်မြို့လမ်းပေါ်ရှိ စစ်ရေးအရ အရေးပါသည့် စစ်ကောင်စီ ခလရ (၂၂၃)မှ ဗိုလ်ကြီး အဆင့်ကွပ်ကဲသည့် ကင်းချောင်းတံတားအား သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၃)ဦး သေဆုံး၍ တစ်ဦးဖမ်းဆီးရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားခဲ့ကာ စစ်ကောင်စီဘက်မှ တပ်ကိုစွန့်ပြေးထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ထို့နောက် ယနေ့ ဇွန်လ (၃၀)ရက်နေ့တွင် တွင်းငယ်-မိုးမိတ်လမ်းအား အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း PLA အဖွဲ့ မှ ဆိုသည်။

ဇွန်လ (၂၅) ရက်နေ့မှ စတင်ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)သည် မိုးမိတ်စစ်မျက်နှာနှင့် အခြားစစ်မျက်နှာများတွင် မဟာမိတ် TNLA အပါအဝင် တခြားသောမဟာမိတ်တပ်ဖွဲ့ဝင်များနှင့်အတူ စစ်ကောင်စီအား ပူးပေါင်းပါဝင်တိုက်ခိုက်လျှက်ရှိကြောင်း သိရသည်။

#TachileikNewsAgency

Photo: People's Liberation Army - PLA