အမေရိကန်လွှတ်တော်တွင် မြန်မာအရေးပိုသိရန်လုပ်ဆောင်မည့် Congressional Burma Caucus အဖွဲ့ကို ကန်လွှတ်တော်အမတ်များဖြင့် NUG က ဖွဲ့စည်း

အမေရိကန်လွှတ်တော်တွင် မြန်မာအရေးပိုသိရန်လုပ်ဆောင်မည့် Congressional Burma Caucus အဖွဲ့ကို ကန်လွှတ်တော်အမတ်များဖြင့် NUG က ဖွဲ့စည်း

အမေရိကန်လွှတ်တော်တွင် မြန်မာ့အရေးပိုမိုသိရှိနိုင်ရန် လုပ်ဆောင်မည့် Congressional Burma Caucus အဖွဲ့ကို မြန်မာနိုင်ငံအရေး စိတ်ဝင်စားကြသည့် အမေရိကန်လွှတ်တော်အမတ်များနှင့် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ ၌ ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ(၂၈)ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းထံမှ သိရသည်။

Burma Caucus အဖွဲ့ကို ပူးတွဲဥက္ကဌ တာဝန်ထမ်းဆောင်နေသည့် အမေရိကန်နိုင်ငံ မီရှီကန်ပြည်နယ် ကိုယ်စားပြု အောက်လွှတ်တော်အမတ် Mr. Bill Huzinga(R-MI)က တက်ရောက်ပြီး NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးလည်း တက်ရောက်သည်ဟု သိရသည်။

Burma Caucus အဖွဲ့ကို မြန်မာနိုင်ငံအရေးအား အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော်ကြား၌ ပိုမိုသိရှိပြီး မြန်မာပြည်သူများအတွက် ထိရောက်အကျိုးရှိမည့် အမေရိကန်အစိုးရ၏ ပေါ်လစီများပေါ်ထွက်လာရန် ကြိုးပမ်းသွားမည်ဟု ဆိုသည်။

လွှတ်တော်အဖွဲ့အနေဖြင့် အမေရိကန်အစိုးရအား ဖိအားပေးရာတွင် မြန်မာနိုင်ငံပြည်သူများ အထူးလိုအပ်နေသည့် ဆက်သွယ်ရေးနှင့် တခြားသော ကြိုတင်သတိပေးကာကွယ်မှုဆိုင်ရာ နည်းပညာများ၊ ကိရိယာများ အမြန်ဆုံး ထောက်ပံ့ပေးရန်၊ အကြမ်းဖက်စစ်အုပ်စုအပေါ်  စီးပွားရေးပိတ်ဆို့မှုများ ဆက်လက်လုပ်ဆောင်ရာတွင် လက်နက်နှင့် အခြားအထောက်အပံ့များ ဝယ်ယူရန်အတွက် ပံ့ပိုးပေးနေသည့် UAB နှင့် A Bank များကိုပါ စီးပွားရေး ပိတ်ဆို့မှုလုပ်ဆောင်ရန် NUGက တောင်းဆိုသည်။

ထို့အပြင် NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး ပြည်သူလူထု၏ဆန္ဒကို လေးစားပေးရန်၊ အမေရိကန်၏ Bank Account ထဲတွင် ယာယီထိန်းသိမ်းထားသည့် မြန်မာနိုင်ငံအတွက် ရန်ပုံငွေများကို မြန်မာ့ဒီမိုကရေစီအရေးအတွက် အသုံးပြုနိုင်ရန်ခွင့်ပြုရန်၊ အကြမ်းဖက်စစ်တပ်ကို လေယာဥ်ဆီတင်ပို့ ရောင်းချခြင်းအပါအဝင်၊ လက်နက်တင်ပို့ရောင်းချမှုကို တစ်ကမ္ဘာလုံးက ရပ်တန့်ရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဦးဆောင်လှုံ့ဆော်ပေးရန်လည်း တောင်းဆိုထားသည်။ 

အာဆီယံအနေဖြင့် အလုပ်မဖြစ်တော့သည့် အခြေခံဘုံသဘောတူညီချက် (၅)ချက်ထက်ကျော်လွန်ပြီး ပိုမိုထိရောက်သည့် နည်းလမ်းများပေါ်ထွက်လာရန်အတွက် ဖိအားပေးရန်၊  မြန်မာပြည်သူများအတွက် လိုအပ်နေသည့် လူသားချင်းစာနာမှုအကူအညီများ အမြန်ဆုံးထောက်ပံ့ပေးရန်အတွက် ဖိအားပေးရန်လည်း တောင်းဆိုခဲ့ကြောင်း သိရသည်။ 

အဖွဲ့၏ ပူးတွဲဥက္ကဌ Bill Huzinga က ၎င်းအနေဖြင့် Bringing Real Accountability Via Enforcement In Burma (BRAVE Burma Act)ကို  အမြန်ဆုံးချမှတ်နိုင်ရန်အတွက်  ကြိုးစားနေကာ အဆိုပါဥပဒေကြမ်းတွင် အမေရိကန်အစိုးရက မြန်မာစစ်တပ်ကို ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများ ထိရောက်အောင် ကြပ်မတ်ပေးမည့် အချက်များပါဝင်သည်ဟု ဆိုသည်။ 

၎င်းဥပဒေအရ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများကို ထိခိုက်အောင်၊ သေကြေပျက်စီးအောင် တိုက်ခိုက်မှုများ လုပ်ကိုင်နိုင်အောင် ပံ့ပိုးပေးနေသည့် စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများကို အမေရိကန်သမ္မတက ဘဏ္ဍာရေး၊ စီပွားရေး ပိတ်ဆို့အရေးယူပေးရန်အတွက် တင်ပြချက်များ ပါဝင်သည်ဟု ဆိုသည်။

#TachileikNewsAgency

Photo: Aung Myo Min