နိုင်ငံရေးဒုက္ခသည်အဖြစ် အသိအမှတ်ပြုသူများကို ဒေသသားအဖြစ်အသိအမှတ်ပြုနိုင်သည့်စနစ် ကိုးကန့်ထုတ်ပြန်

နိုင်ငံရေးဒုက္ခသည်အဖြစ် အသိအမှတ်ပြုသူများကို ဒေသသားအဖြစ်အသိအမှတ်ပြုနိုင်သည့်စနစ် ကိုးကန့်ထုတ်ပြန်

အထူးဒေသ(၁)၏ ဒေသသားမှတ်ပုံတင်ကဒ်ပြားကို လျှောက်ထားနိုင်ပြီး လူဦးရေနှင့်သန်းခေါင်စာရင်းကိုလည်း ကောက်ယူမည်ဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့(MNDAA)က ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ(၂၄)ရက်နေ့တွင် သတင်းထုတ် ပြန်သည်။

ကိုးကန့်ဒေသအတွင်း တိုင်းရင်းသားလူမျိုး ကြီးငယ် ခွဲခြားခြင်း၊ အခြားတိုင်းရင်းသားလူမျိုးစုမျာကို ခွဲခြားဆက်ဆံခြင်းနှင့် အထင်သေးဖိနှိပ်ခြင်းများကို လုံးဝကန့်ကွက်ကြောင်း၊ မည်သည့် တိုင်းရင်းသားလူမျိုးစုကိုမဆို အထူးဒေသ(၁)က တန်းတူညီမျှစွာဆက်ဆံသည်ဟု ဆိုသည်။

တိုင်းရင်းသားအချင်းချင်းကြား စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အထူးဒေသတည်ဆောက်ရေးတို့အတွက် အတူတကွ ကြိုးပမ်းအားထုတ်ကြရန်လည်း တိုက်တွန်းထားပြီး ပြည်ပမှတဆင့် လာရောက်အခြေချသူများကိုလည်း ဖိတ်ခေါ်သည်ဟု ဆိုသည်။

ကိုးကန့်ဒေသအတွင်း နှစ်ပေါင်း(၂၀)နှင့်အထက် နေထိုင်ခဲ့သူများကို မူရင်းဒေသသားအဖြစ် အတည်ပြုပြီး ဒေသသားမှတ်ပုံတင်ကဒ်ပြားကို လျှောက်ထားနိုင်ကာ (၁၄)နှစ်အထက် နေထိုင်ခဲ့သည့် ပြင်ပရောက်ရှိသူများအနေဖြင့် လျှောက်လွှာတင်ခြင်းမှတဆင့် အမြဲတမ်းဒေသသားအဖြစ် အတည်ပြုသည်ဟု ဆိုသည်။

မြေယာ၊ အိမ်စသည့် မရွှေ့ပြောင်းနိုင်သောပစ္စည်းတန်ဖိုး တရုတ်ယွမ်(၅)သိန်းနှင့်အထက် ပိုင်ဆိုင်ထားသူများ၊ အထူးဒေသအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများတွင်ပူးပေါင်းပါဝင်ခဲ့သည့် ပညာရှင်များ၊ ပါမောက္ခနှင့် နယ်ပယ်အသီးသီးမှ ပညာတတ်များ၊ MNDAA အတွင်း စစ်မှုထမ်းချိန် သို့မဟုတ် အုပ်ချုပ်ရေးများ တာဝန်ထမ်းဆောင်ချိန် (၃)နှစ်နှင့်အထက် ပြည့်မှီသော ပြင်ပရောက်သူများ၊ နိုင်ငံရေးဒုက္ခသည်အဖြစ် အသိအမှတ်ပြုသူများ၊ ရင်းနှီးမြှုပ်နှံမှု ယွမ်ငွေ(၅)သိန်းနှင့်အထက်ရှိပြီး ဒေသတွင်း၌ (၈)နှစ်အထက် နေထိုင်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များကို အမြဲတန်းဒေသသားအဖြစ် အတည်ပြုနိုင်သည်ဟု ထုတ်ပြန်ထားသည်။

အမြဲတမ်းဒေသသားဖြစ်ပါက အခွန်ပေးဆောင်ရန်၊ (၁၈)နှစ်ပြည့်ပါက စစ်မှုထမ်းရန်လည်း သတ်မှတ်ထားပြီး ပြင်ပနေသူများ (၁၅)ရက်ကျော်ပါက ယာယီနေထိုင်ခွင့်လက်မှတ် ပြုလုပ်ရမည်ဟုလည်း ထုတ်ပြန်ထားသည်။

ထို့အပြင် သန်းခေါင်စာရင်းကိုလည်း ယနေ့မှစတင်၍ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ ကောက်ယူသွာမည်ဖြစ်ပြီး တစ်အိမ်ချင်း၊ တစ်ဦးချင်း ကောက်ယူသွားမည်ဟု သိရသည်။

#TachileikNewsAgency