မြန်မာနှင့် မြောက်ကိုရီးယား ဘောလုံးအသင်းတို့၏ ပရိတ်သတ်မပါသည့်ပွဲစဉ်ကို ယူကျုမှ ထုတ်လွှင့်မည်

မြန်မာနှင့် မြောက်ကိုရီးယား ဘောလုံးအသင်းတို့၏ ပရိတ်သတ်မပါသည့်ပွဲစဉ်ကို ယူကျုမှ ထုတ်လွှင့်မည်

လာအိုနိုင်ငံတွင် မြန်မာလက်ရွေးစင် ဘောလုံးအသင်းနှင့် မြောက်ကိုရီးယားအသင်းတို့သည် ၂၀၂၄ ခုနှစ် ဇွန်လ (၁၁)ရက်နေ့ လာအိုစံတော်ချိန် ည (၈)နာရီတွင် ကစားမည့် ပရိတ်သတ်မပါသည့် ဘောလုံးပွဲအား ယူကျုမှ ကြည့်ရှုနိုင်ကြောင်း လာအိုဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။

၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးခြေစစ်ပွဲ အာရှဇုန် ဒုတိယအဆင့် အုပ်စုပွဲအဖြစ် မြောက်ကိုရီးယားအသင်းက ဇွန်လ (၆)ရက်နေ့တွင် ဆီးရီးယားအသင်းနှင့် ကစားသည့်ပွဲစဉ်အား ပရိတ်သတ်ဝင်ခွင့်မပေးဘဲ ကွင်းပိတ်ကစားခဲ့ပြီးနောက် အထက်ပါ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယားနှင့် မြန်မာအသင်းတို့ ကစားသည့်ပွဲစဉ်ကို ကွင်းအတွင်း ပရိတ်သတ်ဝင်ခွင့်မပြုသော်လည်း ယူကျုမှ ကြည့်နိုင်မည်ဟုဆိုသည်။

အဆိုပါ ခြေစစ်ပွဲကို မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းတွင် ကျင်းပရန်ဖြစ်သော်လည်း အကြောင်းပြချက်အတိအကျမသိရဘဲ လာအိုနိုင်ငံ ဗီယင်တိုင်းသို့ ပြောင်းရွှေ့ကျင်းပခဲ့ခြင်း ဖြစ်သည်။

မြန်မာနဲ့မြောက်ကိုရီးယားဘောလုံးအသင်းတို့သည် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့က ကမ္ဘာ့ဖလားဘောလုံးခြေစစ်ပွဲ အာရှဇုန် ဒုတိယအဆင့် အုပ်စုပွဲအဖြစ် မြန်မာနိုင်ငံက အိမ်ရှင်အနေဖြင့် သုဝဏ္ဏ ဘောလုံးကွင်းတွင်  ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာက ၆ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့သည်။

မြန်မာလက်ရွေးစင်ဘောလုံးအသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးခြေစစ်ပွဲ အာရှဇုန် ဒုတိယအဆင့် အုပ်စု B တွင် ဂျပန်၊ ဆီးရီးယား၊ မြောက်ကိုးရီးယားအသင်းတို့နှင့်အတူ ပါဝင်ပြီး အိမ်ကွင်း၊ အဝေးကွင်း စနစ်ဖြင့် (၆)ပွဲကစားရမည်ဖြစ်ပြီး လက်ရှိတွင် (၅)ပွဲကစားရာတွင် ရမှတ် (၁)မှတ်ဖြင့် အုပ်စုဇယားနောက်ဆုံးတွင် ရပ်တည်နေသည်။

#TachileikNewsAgency