စစ်မှုထမ်းဒုတိယအသုတ်တွင် နိုင်ငံအနှံ့မှ လူငယ် လေးထောင်ခန့် တပ်သားသစ်အဖြစ်စုဆောင်းခံရ

စစ်မှုထမ်းဒုတိယအသုတ်တွင် နိုင်ငံအနှံ့မှ လူငယ် လေးထောင်ခန့် တပ်သားသစ်အဖြစ်စုဆောင်းခံရ

စစ်မှုထမ်းဒုတိယအသုတ်တွင် နိုင်ငံအနှံမှ လူငယ် လေး‌ထောင်ခန့် တပ်သားသစ်အဖြစ် စုဆောင်းခံရပြီး စစ်ကောင်စီသတ်မှတ်ထားသည့် ပမာဏပြည့်မှီအောင် စုဆောင်းနိုင်သည့် အခြေအနေ လျော့နည်းကျဆင်းလာသည်ကိုတွေ့ရကြောင်း Burma Affairs & Conflict Study အဖွဲ့၏ အချက်အလက်စုဆောင်းမှုအရသိရသည်။

စစ်မှုထမ်းအပတ်စဉ်(၂) သင်တန်း အတွက် လူငယ်များစုဆောင်းရာတွင် သင်္ကြန်အပြီးက စတင်ကာခေါ်ယူခြင်းဖြစ်ပြီး သင်တန်းကျောင်းများကို တိုက်ရိုက်ပို့ဆောင်ခြင်းမျိုးမဟုတ်ဘဲ နီးစပ်ရာတပ်ရင်းများသို့ ခေါ်ဆောင်ပြီးမှသာ သင်တန်းကျောင်းများသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ တရားဝင်ထုတ်ပြန်ချက်များအရ မေလ (၁) ရက်နေ့က စတင်ကာ သင်တန်းကျောင်းများသို့ ပို့ဆောင်သည်ကိုတွေ့ရပြီး မေလ (၉) ရက်နေ့တွင် သင်တန်းကျောင်းအားလုံးသို့ ခေါ်ယူခဲ့ကြောင်း သိရှိရသည်။

မေလ (၁၄) ရက်နေ့တွင်မူ အပတ်စဉ် (၂) သင်တန်းများကို နိုင်ငံအနှံ့ရှိ သင်တန်းကျောင်း (၁၆)ကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း BACS ၏ အချက်အလက်ကောက်ယူမှုအရသိရသည်။

ဒုတိယအသုတ်ပို့ဆောင်ရာတွင် ပထမအကြိမ်ဖွင့်လှစ်ခဲ့သည့် သင်တန်းကျောင်း (၁၅)ကျောင်းထဲမှ (၁၀) ကျောင်းအပြင် ထပ်မံပို့ဆောင်သည့် သင်တန်းကျောင်း (၆)ကျောင်းရှိခဲ့ပြီး ၊ စုစုပေါင်းအနေဖြင့် သင်တန်းကျောင်းပေါင်း (၂၁)ကျောင်း ဖွင့်လှစ်ထားပြီး အပတ်စဉ်နှစ်ခုပေါင်း စစ်မှုထမ်း စုဆောင်းခံရသူ (၉၀၀၀)ခန့်ရှိကြောင်းသိရသည်။

ပထမအကြိမ်ဖွင့်လှစ်သည့် သင်တန်းကျောင်း အများစုသည် စစ်ကောင်စီ စိုးမိုးထိန်းချုပ်မှုကောင်းသည့်ဒေသများတွင်ဖြစ်ပြီး၊ ဒုတိအကြိမ်ဖွင့်လှစ်သည့် သင်တန်းကျောင်းများတွင် တော်လှန်ရေးလက်နက်ကိုင်များ အားကောင်းသည့်ဒေသတချို့တွင်လည်း သင်တန်းကျောင်းများဖွင့်လှစ်လာသည်ကိုတွေ့ရကြောင်း BACS မှဆိုသည်။

သင်တန်းကျောင်းအများစုသည် ရှမ်းပြည်နယ်တွင်တည်ရှိနေကာ ရှမ်းပြည်နယ်တစ်ခုတည်းတွင်ပင် သင်တန်းကျောင်း (၅) ခုအထိရှိနေသည်ကိုတွေ့ရပြီး အဆိုပါသင်တန်းကျောင်းများတွင် ရှမ်းပြည်နယ်အတွင်း စစ်မှုထမ်းရသူများအပြင် တခြားဒေသများမှ စစ်မှုထမ်း စုဆောင်းခံရသူများကိုလည်း ပို့ဆောင်ထားကြောင်းသိရသည်။

တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ တကန (ဟိုပုံး)တွင် တခြားဒေသများဖြစ်ကြသည့် ဧရာဝတီတိုင်း ၊ မန္တလေးတိုင်း နှင့် ရန်ကုန်တိုင်းတို့မှ စုဆောင်းခံရသူများကို ပို့ဆောင်ထားပြီး ၊ ကျိုင်းတောင်း အမှတ် (၃) တပ်မတော်တန်းမြင့်သင်တန်းကျောင်းတွင် မကွေးတိုင်းမှ စုဆောင်းခံရသူများကို ပို့ဆောင်ထားကာ အမှတ် (၁) အရာခံအကြပ်ကြီးသင်တန်းကျောင်း (ဗထူး)နှင့် တတက - ၈ တို့တွင်လည်း ပဲခူးတိုင်း ၊ ဧရာဝတီတိုင်း အပါအဝင် တစ်ခြားဒေသများမှစုဆောင်းခံရသူများကို ပို့ဆောင်ထားကြောင်း သိရသည်။

စစ်ကောင်စီသည် ဒုတိယအသုတ် စစ်မှုထမ်းစုဆောင်းခံရသူများကို မန္တလေးတိုင်းတွင် သင်တန်းကျောင်း (၃)ကျောင်း ၊ စစ်ကိုင်းတိုင်းတွင် သင်တန်းကျောင်း (၂) ကျောင်း ၊ ပဲခူးတိုင်းတွင် သင်တန်းကျောင်း (၂) ကျောင်း ၊ မွန်ပြည်နယ်တွင် သင်တန်းကျောင်း (၂)ကျောင်း ၊ ရန်ကုန်တိုင်းတွင် သင်တန်းကျောင်း (၂) ကျောင်း ၊ ဧရာဝတီတိုင်းတွင် သင်တန်းကျောင်း (၂) ကျောင်း ၊ နေပြည်တော်တွင် သင်တန်းကျောင်း (၁) ကျောင်း ၊ မကွေးတိုင်းတွင် သင်တန်းကျောင်း (၁) ကျောင်းနှင့် တနင်္သာရီတိုင်းတွင် သင်တန်းကျောင်း (၁) ကျောင်းတို့ ဖွင့်လှစ်ကာ သက်ဆိုင်ရာဒေသအလိုက် ပို့ဆောင်ထားကြောင်း သိရှိရသည်။

ပလောက်မြို့ရှိ တတက ၁၂ တွင် တနင်္သာရီတိုင်းအတွင်းက စုဆောင်းခံရသူများအပြင် မွန်ပြည်နယ်အတွင်းက စုဆောင်းခံရသူများကို ပို့ဆောင်ထားပြီး ၊ ဇရစ်ချောင် (သထုံ) စခတ (၉) နှင့် သံဖြူဇရပ်ရှိ တတက (၄)တွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များမှ စုဆောင်းခံရသူများကို ပို့ဆောင်ထားပြီး အခြားသောသင်တန်းကျောင်းများတွင် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်များနှင့် နီးစပ်ရာဒေသများမှ စုဆောင်းခံရသူများကို ပို့ဆောင်ထားကြောင်း BACS ၏ အချက်အလက်ကောက်ယူမှုအရသိရသည်။

BACS အဖွဲ့သည် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ နိုင်ငံရေးပါတီများ၏ အထွေထွေလှုပ်ရှားမှုများကို သတင်းမီဒီယာများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ ၊ စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများ ၊ ဝက်ဘ်ဆိုက်များမှတဆင့် စောင့်ကြည့်လေ့လာကာ အချက်အလက်ကောက်ယူသည့် အဖွဲ့တစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: Burma Affairs & Conflict Study