တွန်းဇံမြို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က စစ်ရှောင်များကို လူသားဒိုင်းအဖြစ်ဖမ်းဆီး

တွန်းဇံမြို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က စစ်ရှောင်များကို လူသားဒိုင်းအဖြစ်ဖမ်းဆီး

ချင်းပြည်နယ် တွန်းဇံမြို့အနီးတွင်း တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်က စစ်ဘေးရှောင်များကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းများရှိနေကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

တွန်းဇံမြို့၌ ၂၀၂၄ခုနှစ် မေလ (၂၂)ရက်နေ့ ည(၁၀)ခွဲကျော်တွင် မြို့အနီးဝန်းကျင်နှင့် မြို့ပေါ်အတွင်း ပစ်ခတ်သံများရပြီးနောက် မြို့ပေါ်ရှိ ရပ်ကွက်(၂)ခုတွင်လည်း နေအိမ်တချို့ မီးလောင်ခဲ့ကာ ခေါလိုင်ဂိုးဇန်ရပ်ကွက်တွင် နေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်နေသည့် တွန်းဇံမြို့တွင် မေလ(၂၂)ရက်နေ့ နံနက်ပိုင်းကစတင်၍ စစ်ကောင်စီတပ်သည် Y2 လေယာဉ်အမျိုးအစားဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း ဒဏ်ရာရခဲ့သည့် စစ်ရှောင်ဒေသခံလူငယ်တစ်ဦးမှာ အချိန်မှီဆေးကုသမှုမရနိုင်ဘဲ သေဆုံးခဲ့ရကာ ယနေ့ မေလ(၂၃)ရက်နေ့ နံနက်ပိုင်းတွင် သင်္ဂြုဟ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် တွန်းဇန်မြို့တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်(၄၀)ကျော်ပြုလုပ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် မြို့ပေါ်ရှိ ခေါဝုန်လေးဆန်ရပ်ကွက်တွင် အိမ်ခြေ (၃၀)ထက်မနည်း ပျက်စီးကာ လုံတပ်ကျေးရွာနှင့် ဖိုင်တူကျေးရွာများတွင်လည်း ဘုရားကျောင်းအပါအဝင် အိမ်ခြေ(၁ဝ)အိမ်နီးပါး ပျက်စီးခဲ့သည်ဟု သိရသည်။

မေလ(၁၆) ရက်နေ့မှစ၍ တွန်းဇံမြို့နယ်တွင်ဖြစ်ပွားသော တိုက်ပွဲများကြောင့် မြို့နယ်တွင်း ကျေးရွာ (၁၅)ရွာနှင့် မြို့ပေါ်ရပ်ကွက် (၂)ခုမှ ဒေသခံများ မြို့လုံးကျွတ်၊ ရွာလုံးကျွတ် နီးစပ်ရာသို့ စစ်ဘေးရှောင်နေရသည်ဟု သိရသည်။

စစ်ဘေးရှောင်ပြည်သူများအတွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ ဆန် နှင့် မိုးကာများ လှူဒါန်းထားပြီး အကူအညီများစွာ လိုအပ်နေသေးသဖြင့် လှူဒါန်းကြရန်လည်း ဖိတ်ခေါ်ထားသည်။

#TachileikNewsAgency

Photo: တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့