မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဆေးမင်းတောရဲစခန်းမှ စခန်းစွန့်ခွာရွှေ့ပြောင်းလာသည့် ရဲနှင့် စစ်ကောင်စီတပ်ကို ယနေ့ မေလ(၇)ရက်နေ့က ယမ်းပိဿာချိန် (၃၀)ဝန်းကျင် ထည့်သွင်းပြုလုပ်ထားသည့် မိုင်းဘီလူးနှစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အများအပြားသေကြောင်း YDF(Htilin)က သတင်းထုတ်ပြန်လာသည်။
ပြောင်းရွေ့လာသည့် အင်အား(၄၀)ဝန်းကျင်နှင့် စစ်ကောင်စီတပ် ၏ တပ်မ(၁၁)မှ အင်အား(၈၀)ဝန်းကျင်ပါ စစ်ကြောင်းကို ဇီးတောရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အနည်းဆုံး(၁၀)ဦးသေဆုံးနိုင်ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
"ထိုမိုင်းဆွဲတိုက်ခိုက်မှုကို YDF(Htilin)၏ ဝါရင့်မိုင်းဆရာဗိုလ်လင်းဘကြီးမှ အနီးကပ် ကွပ်ကဲခဲ့ခြင်းဖြစ်ပြီး ဒရုန်းနှင့်မှန်ပြောင်းအသုံးပြုကာ ကင်းထောက်ခဲ့ပါသည်။"ဟု ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်၏ ရှေ့ပွိုင့်ကျော်အပြီး အလယ်ပွိုင့်တွင် ပါလာတတ်သော အရာရှိများကို ဦးတည်ဆွဲခဲ့ခြင်းဖြစ်၍ ထိခိုက်သေဆုံးသူများထဲတွင် အရစ်အပွင့်များပါနိုင်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်များမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နာရီဝက်ခန့်ကြာမှသာ စစ်ကြောင်းပြန်လည်ချီတက်နိုင်ခဲ့ကြကာ ဇီးတောရွာသို့ ဝင်ရောက်တပ်စွဲနေကြကြောင်း သိရသည်။