မကွေးတိုင်း အကြည်ပန်းပလွန်းရွာ လေကြောင်းတိုက်ခိုက်မှု ကျူးလွန်သူများအား အပြစ်ပေးနိုင်ရေး အစွမ်းကုန်ကြိုးပမ်းမည်

မကွေးတိုင်း အကြည်ပန်းပလွန်းရွာ လေကြောင်းတိုက်ခိုက်မှု ကျူးလွန်သူများအား အပြစ်ပေးနိုင်ရေး အစွမ်းကုန်ကြိုးပမ်းမည်

အရပ်သားပြည်သူအများအပြားထိခိုက်သေဆုံးခဲ့ရသည့် မကွေးတိုင်း၊ ဆောမြို့နယ်၊ အကြည်ပန်းပလွန်းကျေးရွာ လေကြာင်းတိုက်ခိုက်မှု ကျူးလွန်သူများကို အပြစ်ပေးနိုင်ရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် မေလ ( ၁၁ ) ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

အကြည်ပန်းပလွန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် မေလ (၉) ရက်နေ့ မနက် (၁၁) နာရီခန့်၌ တော်လှန်ရေးအင်အားစုအဖွဲ့ဝင်များနှင့် ဒေသခံလူထုတို့ ယာဉ်အသုံးပြုရေး စည်းကမ်းချမှတ်ရန် အစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီမှ လေကြောင်းဖြင့် သုံးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာဘုန်းကြီးကျောင်း မီးလောင်ပြိုကျခဲ့ပြီး အစည်းအဝေးတက်ရောက်လာသူများထဲမှ အမျိုးသား (၈)ဦး နှင့် အမျိုးသမီး (၇)ဦး သေဆုံးခဲ့ကာ ပြည်သူ (၂၇)ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီမှ တိုက်ခိုက်မှုမပြုလုပ်မီ မနက် (၈)နာရီခန့်တွင် ဒရုန်းဖြင့် စုံစမ်းမှုပြုလုပ်ခဲ့ပြီးနောက် တံတားဦးလေကြောင်းရန်ကာကွယ်ရေးတပ်မှ တိုက်လေယာဉ် (၁)စီး စေလွှတ်ကာ ကျေးရွာဘုန်းကြီးကျောင်းကို ပေါင် (၂၅၀)ဗုံးဟု ယူဆရသည့် ဗုံးသီး (၂)လုံး၊ မီးလောင်ဗုံးသီး (၂)လုံးနှင့် ပွိုင့် (၅) စက်သေနတ်များဖြင့် သုံးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

လေကြောင်းတိုက်ခိုက်ခံရသည့် ဘုန်းကြီးကျောင်းသည် ကျေးရွာအပြင်ဘက်တွင်ရှိပြီး ကျွန်းဖြင့်ပြုလုပ်ထားကာ ရေနံချေးသုတ်ထားသည့် ရှေးဟောင်းအဆောက်အဦးဖြစ်သည့်အတွက် လေကြောင်းတိုက်ခိုက်မှုအပြီး ဆယ်မိနစ်အကြာတွင် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် သေဆုံးခဲ့ရသည့် ဒေသခံများ၏ ရုပ်အလောင်းများသည် မည်သူမှန်းခွဲခြားမရနိုင်သည်အထိ ဆိုးဆိုးဝါးဝါးမီးလောင်ကျွမ်းခဲ့ပြီး ထိခိုက်ဒဏ်ရာသူများသည်လည်း ကိုယ်လက်အင်္ဂါများ ပြတ်တောက်သည်အထိ ပြင်းထန်ဒဏ်ရာများ ရရှိထားကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ယခုနောက်ပိုင်းတွင် စစ်ကောင်စီမှ ၎င်းတို့ကို ဆန့်ကျင်သည့် အဖွဲ့အစည်း (သို့) ဒေသခံများ စုစည်းနေကြောင်း သတင်းရရှိပါက ဒရုန်းနှင့်ကင်းထောက်ကာ လေကြောင်းဖြင့်တိုက်ခိုက်မှုပြုလုပ်ခြင်းကို နိုင်ငံအနှံတွင် ခပ်စိတ်စိတ်ဆောင်ရွက်လာနေကြောင်းသိရသည်။

#TachileikNewsAgency

Photo : Ministry of Humanitarian Affairs and Disaster Management - NUG