တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သံတွဲမြို့ ခမောင်းတုန်းရွာကို စစ်ကောင်စီ လက်နက်ကြီးနှင့်ပစ်ရာ ကလေးတစ်ဦး သေဆုံး ၃ ဦးဒဏ်ရာရ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သံတွဲမြို့ ခမောင်းတုန်းရွာကို စစ်ကောင်စီ လက်နက်ကြီးနှင့်ပစ်ရာ ကလေးတစ်ဦး သေဆုံး ၃ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ခမောင်းတုန်းရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် မေလ (၂၀)ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးနှင့် ပစ်ခတ်ရာ ရွာအတွင်းသို့ကျရောက်ပြီး ကလေးတစ်ဦး သေဆုံးပြီး (၃)ဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ခမောင်းတုန်းရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်ခြင်းဖြစ်ကာ သေဆုံးသူကလေးမှာ ယောက်ျားလေးဖြစ်ကြောင်း ကနဦးသတင်း သိရသည်။

"နံနက်(၁၁)နာရီခွဲလောက်က လက်နက်ကြီးကျတာ ကလေးတစ်ဦးသေတယ်။ လူကြီးက (၃)ယောက်လောက် ဒဏ်ရာရတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီတပ်သည် လက်နက်ကြီးနှင့် ဆက်တိုက်ပစ်ခတ်‌နေပြီး ဒေသခံများလည်း တိမ်းရှောင်နေရသူရှိသလို ရွာအတွင်းအကာအကွယ်ဖြင့် နေရသူများလည်းရှိနေကြောင်း သိရသည်။

"လူနာတင်ယာဉ်တွေ ဆင်းသွားတာ။ အခု လူနာမပါဘဲ ပြန်လာကြရတယ်။ ဒဏ်ရာရသူတွေက လူကြီးတွေလား၊ အမျိုးသားတွေလား

တော့မသိဘူး။ အခု လေပြေတောင်ထင်တယ် အဲဒီဘက်ကို စစ်တပ်က လမ်းပိတ်ထားတယ်။ ပစ်တဲ့အချိန်က အသံအကျယ်ကြီးကြားလိုက်တာ။ ဘားတောင်ကနေပစ်တာ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

 

သံတွဲမြို့နယ် ရွှေလှေတိုက်နယ်အတွင်း ၂၀၂၄ ခုနှစ် မေလ(၁၃) ရက်နေ့ ညပိုင်းကစတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး သံတွဲမြို့ ဘားတောင်ရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီး အထိုင်စခန်းမှ မေလ (၁၄)ရက်နေ့ ညပိုင်းတွင် လက်နက်ကြီး (၁၂)လုံးပစ်ခတ်ရာ ‌လင်းသီရွာနှင့် ရွှေလှေရွာများအတွင်းသို့ ကျရောက်ပြီး ဒေသခံ(၁၀)ဦး သေဆုံးခဲ့သည်။ 

ထို့အပြင် မေလ(၁၈)ရက်နေ့ကလည်း နတ်တောင်မော်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲရာ ဒေသခံ(၉)ဦးသေဆုံးခဲ့သည်။

စစ်ကောင်စီတပ်သည် AA၏ ထိုးစစ်ကို ကြည်း၊ ရေ၊ လေတို့ဖြင့် ခုခံနေရပြီး တပ်ရင်းလိုက်ပျောက်ဆုံး၊ သေဆုံးသူများပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကိုလည်း ဖြတ်တောက်ထားသည်။

#TachileikNewsAgency