ပဲခူး၊ မွန်နှင့်ကရင်တွင် မြစ်ရေများ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ကာ ဆက်လက်မြင့်တက်နေ

ပဲခူး၊ မွန်နှင့်ကရင်တွင် မြစ်ရေများ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ကာ ဆက်လက်မြင့်တက်နေ

ပဲခူးတိုင်း၊ မွန်နှင့် ကရင်ပြည်နယ်များအတွင်းရှိ မြစ်ရေများမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ်အထက်သို့ ဆက်လက်မြင့်တက်နေ၍ မြစ်ကမ်းပါးနှင့် အနိမ့်ပိုင်းတွင် နေထိုင်သူများ အထူးသတိထားရန်လိုကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

ယနေ့ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် သောင်ရင်းမြစ်ရေသည်  စိုးရိမ်ရေမှတ်အထက် (၁၀)ပေခွဲခန့် ကျော်လွန်နေပြီး နောက်ရက်တွင် သုံးပေခွဲခန့်အထိ ဆက်လက်မြင့်တက်နိုင်သည်ဟု ခန့်မှန်းထားသည်။

အလားတူ မဒေါက်မြို့တွင်လည်း စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် နှစ်ပေခွဲခန့်ကျော်လွန်နေသည့်အပြင် နောက်ရက်တွင် တစ်ပေခွဲခန့်အထိ မြင့်တက်နိုင်သည်ဟု ခန့်မှန်းထားသည်။

စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် ပဲခူးမြို့တို့တွင်လည်း နောက်တစ်ရက်၌ စိုးရိမ်ရေမှတ်သို့ ရောက်လာနိုင်သည်ဟု ခန့်မှန်းထားသည်။

ယင်းအပြင် ဘားအံမြို့၌လည်း သံလွင်မြစ်ရေသည် ယနေ့၌ စိုးရိမ်ရေမှတ်ရောက်လာပြီး နောက်ရက်တွင် တစ်ပေခွဲခန့်အထိ မြင့်တက်နိုင်သည်ဟု ခန့်မှန်းထားသည်။

အဆိုပါဒေသများတွင် မြစ်ကမ်းနားတလျှောက်နှင့် အနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများ ရေကြီးနစ်မြုပ်မှုကို အထူးသတိထားကြရန်လိုအပ်ကြောင်း သတိပေးထားသည်။

ယနေ့ညနေအထိ တနင်္သာရီတိုင်း ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက် မိုးရွာသွန်းနိုင်သည်ဟု မိုး/ဇလက ခန့်မှန်းထားသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန