အမေရိကန်တွင် ကျင်းပသည့် ဗီယက်နမ် လူ့အခွင့်အရေးအခမ်းအနားသို့ NUG ဒုဝန်ကြီး တက်ရောက်

အမေရိကန်တွင် ကျင်းပသည့် ဗီယက်နမ် လူ့အခွင့်အရေးအခမ်းအနားသို့ NUG ဒုဝန်ကြီး တက်ရောက်

 အမေရိကန်နိုင်ငံတွင် ကျင်းပသည့် ဗီယက်နမ်နိုင်ငံ၏ အကြိမ် (၃၀)မြောက် လူ့အခွင့်အရေးအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုရောက် ဗီယက်နမ်နွယ်ဖွားများ ကြီးမှုးကျင်းပသော အဆိုပါပွဲကို ဝါရှင်တန် ဒီစီ ရှိ အမေရိကန် လွှတ်တော် Cannon House Office Building တွင် ၂၀၂၄ ခုနှစ် မေလ (၁၄) ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိ လူ့အခွင့်အရေး အခြေအနေများကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

 

အခမ်းအနားသို့ အမေရိကန် အစိုးရ ၊ Department of State မှ Under Secretary Ms. Uzra Zeya နှင့် အတူ အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော်ကိုယ် စားလှယ်များ တက်ရောက်ခဲ့သည်ဟု သိရသည်။

နှစ်စဉ် မေလ(၁၁)ရက်နေ့ကို ဗီယက်နမ်လူ့အခွင့်ရေးနေ့အဖြစ် အမေရိကန်လွှတ်တော်က တရားဝင်အသိအမှတ်ပြုပြီး (၁၉၉၄)ခုနှစ်တွင် အမေရိကန်သမ္မတ ဘီလ်ကလင်တန် က  လက်မှတ်ရေးထိုးပေးခဲ့ခြင်းဖြစ်ရာ ၂၀၂၄ခုနှစ်တွင် ဗီယက်နမ်လူ့အခွင့်ရေးနေ့ နှစ်ပေါင်း (၃၀)ပြည့်ပြီဖြစ်ပြီး ယခုလို အခမ်းအနား ပြုလုပ်ခြင်းမှာ ဗီယက်နမ်နိုင်ငံ၏ ဆိုးရွားလှသော လူ့အခွင့်အရေး အခြေအနေများကို မီးမောင်းထိုးပြရန်နှင့် နိုင်ငံအတွင်း လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို တိုးတက်ကောင်းမွန်လာစေရန် ဗီယက်နမ် အစိုးရအား  တောင်းဆိုခြင်းဖြစ်သည်ဟု ပွဲစီစဉ်သူများက ဆိုသည်။ 

 

Photo: NUG, VHRD