သံတွဲမြို့အနီး စစ်ကောင်စီတပ်နှင့် AAတို့ တိုက်ပွဲဖြစ်လာပြီး စစ်ကောင်စီ လက်နက်ကြီးပစ်နေ

သံတွဲမြို့အနီး စစ်ကောင်စီတပ်နှင့် AAတို့ တိုက်ပွဲဖြစ်လာပြီး စစ်ကောင်စီ လက်နက်ကြီးပစ်နေ

ရခိုင်ပြည်နယ် သံတွဲမြို့အနီး စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ ယနေ့ ၂၀၂၄ခုနှစ် မေလ (၁၄)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားလာကြောင်း ဒေသခံများထံမှ သိရသည်။

သံတွဲမြို့နှင့် (၁၇)မိုင်အကွာရှိ လင်းသီနှင့် ရွှေကျေးရွာတို့တွင် တိုက်ပွဲ ဖြစ်နေရာက ယနေ့တွင် သံတွဲမြို့ နှင့် (၁၀)ဝန်းကျင်အကွာ ရေစင်ရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် အဆက်မပြတ် ပစ်ခတ်နေသည်ဟု သိရသည်။

"လက်နက်ကြီးပစ်ခတ်သံ စိပ်စိပ်ကြားရတယ်။ လက်နက်ကြီးနဲ့ ပစ်ခံရလို့ မီးခိုးတွေထွက်နေတယ်။ ဖြစ်တာကတော့ နေ့လယ်(၁၂)ခွဲ။ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတဲ့ ကွေ့ချောင်းပေါ့ ပြီးရင် တစ်မိုင်လောက်အကွာမှာ ရေစင်ရွာရှိတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

လင်းသီရွာမှ စစ်‌ကောင်စီတပ်တချို့သည် ဂွေ့ချောင်းရွာဘက်သို့ စစ်ကြောင်းထိုးနေပြီး လက်ရှိတိုက်ပွဲဖြစ်နေသည့်နေရာမှာ ဂွေ့ချောင်းနှင့် ရေစင်ကြားရှိ တောင်များတွင်ဖြစ်ကြောင်း သိရသည်။

"လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကွေ့ချောင်းပတ်ဝန်းကျင်မှာဖြစ်တယ်။ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးရတယ်။ အခု စစ်ကောင်စီတပ်စွဲထားတဲ့ လင်းသီရွာကို ရောက်လာတဲ့ တပ်ဖွဲ့က ဂွေ့ချောင်းဘက်ကို စစ်ကြောင်းထိုးနေတာ။ ထိုင်ထားတဲ့တပ်ကရှိတယ်။ ညကရမ်းပစ်သေးတယ်။"ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

လင်းသီမှ စစ်ကောင်စီတပ်သည် ဒေါ်ကြူကြူလှ၏ရွာ ဇီးကျွန်းတွင် တပ်စွဲရန်စီစဉ်ခဲ့သော်လည်း AAက နေရာယူလိုက်သဖြင့် တပ်စွဲမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရကာ ဇီးကျွန်းရွာကို ယမန်နေ့က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း အောက်နတ်မော်ကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ နေအိမ်တလုံး မီးလောင်ကျွမ်းပြီး အရပ်သား (၃)ဦး ဒဏ်ရာရခဲ့သည်။  

စစ်ကောင်စီတပ်သည် သံတွဲမြို့အထွက် ဘားတောင်းတောင်နှင့် သံတွဲမြို့ပေါ်ရပ်ကွက်များအနီးရှိ သူခိုးစမ်းတောင်ကြောမှနေ၍ ဟောင်ဝှစ်ဇာအမြှောက်များနှင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

 

သံတွဲမြို့နယ်အတွင်း AAနှင့် စစ်ကောင်စီတပ်တို့သည် ယခုနှစ် ဧပြီလ(၁၃)ရက်နေ့မှစတင်ပြီး ရွှေလှေတိုက်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency