စစ်ကောင်စီတပ်သား ၄၁ ဦးကို MNDAA ပြန်လွှတ်

စစ်ကောင်စီတပ်သား ၄၁ ဦးကို MNDAA ပြန်လွှတ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်သား (၄၁)ဦးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ၂၀၂၄ခုနှစ် မေလ (၁၀)ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

စစ်သုံ့ပန်း(၄၁)ဦးကို လုံခြုံရေးရုံးဝန်ထမ်းများမှ ခရိုင်သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးအပ်ပြီး ပြန်လည်ပို့ဆောင်ပေးခဲ့သည်ဟု ကိုးကန့်ဘာသာဖြင့် ယနေ့မေလ(၁၂)ရက်နေ့တွင် ဖော်ပြထားပြီး အသေးစိတ်ကိုမူ မသိရသေးပါ။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလကလည်း ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်သား (၄၉)ဦးကို MNDAA က ပြန်လွှတ်ပေးခဲ့သည်။

MNDAA သည် လောက်ကိုင်မြို့၊ ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်း၊ ကွမ်းလုံနှင့် ကုန်းကြမ်းမြို့များကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်သားနှင့် မိသားစုဝင် (၁၀၀၀)ကျော် လက်နက်ချအညံ့ခံကာ ရာချီပြီး ဖမ်းဆီးရမိခဲ့သည်။ 

ကိုးကန့်ဒေသ ၁၀၂၇ စစ်ဆင်ရေးတွင် MNDAA၊ AA၊ TNLA၊ BPLA နှင့် PDF တပ်များ ပါဝင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: 果敢资讯网