ကယားပြည်နယ်၊ ချင်းပြည်နယ် နှင့် စစ်ကိုင်းတိုင်းတို့မှာ အကြမ်းဖက်မှု ဖြစ်စဉ်များ အဆိုးဆုံးဖြစ်နေကြောင်း မင်းအောင်လှိုင် ပြော

ကယားပြည်နယ်၊ ချင်းပြည်နယ် နှင့် စစ်ကိုင်းတိုင်းတို့မှာ အကြမ်းဖက်မှု ဖြစ်စဉ်များ အဆိုးဆုံးဖြစ်နေကြောင်း မင်းအောင်လှိုင် ပြော
ဇူလိုင် 14, 2023 | 2021 Military Coup

 ပြည်သူက ရွေးချယ်ထားသည့် အရပ်သားအစိုးရကို ရွေးကောက်ပွဲ မဲလိမ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးလိုက်ပြီး အာဏာသိမ်းထားသည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းအာဏာသိမ်းထားသည့် (၂)နှစ်ခွဲဝန်းကျင် ကာလအတွင်း တိုင်းနှင့်ပြည်နယ်အသီးသီးအနက်  အခြားဒေသများထက် စစ်ကိုင်းတိုင်း နှင့် ချင်း၊ ကယားပြည်နယ်တို့မှာ ယနေ့အချိန်အထိ အဆိုးဆုံးဖြစ်နေဆဲဖြစ်၍ ပြည်သူ့ကာကွယ်ရေးအတွက်းဟုဆိုကာ ယခင်ကထက် ပိုမို ဆောင်ရွက်ကြရန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

၂၀၂၃ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင်"အကြမ်းဖက်မှုဖြစ်စဉ်များတွင် အဆိုးဆုံးမှာ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့ဖြစ်ကြကြောင်း၊ ထို့ကြောင့်မိမိတို့ အနေဖြင့် ပြည်သူ့လုံခြုံရေး အတွက် ယခုထက် ပိုမို ဆောင်ရွက်ကြရန် လိုအပ်ကြောင်း" အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်က ပြည်သူ့လုံခြုံရေးဟု အကြောင်းပြကာ စေခိုင်းထားသည့် ၎င်း၏ လက်အောက်ခံ အကြမ်းဖက်တပ်ဖွဲ့များသည် အဆိုးဝါးဆုံးအနေဖြင့် စစ်ကိုင်းတိုင်းအတွင်း ပျူစောထီးများ၏ ကျေးရွာများကလွဲ၍ ကျေးရွာများ အပြားကို တစ်ရွာဝင် တစ်ရွာထွက်ပြုလုပ်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ နေအိမ်အတွင်း တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူခြင်း၊ ဒေသခံ ရွာသူ ရွာသားများကို PDF ဟု စွပ်စွဲကာ ဖမ်းဆီး ညှင်းဆဲသတ်ဖြတ်ခြင်း နှင့် အမျိုးသမီးများကို မတရားပြုကျင့်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

ချင်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်း ကျေးရွာများတွင်လည်း အလားတူ လုပ်ရပ်များနှင့် ကြုံတွေ့နေရလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။