တိုက်ပွဲများပြင်းထန်နေသည့် မြဝတီတွင် စစ်ဘေးရှောင် ပြည်သူများ စစ်ကောင်စီတပ်၏ လေကြောင်းကို ကြောက်၍ ထိုင်းနယ်စပ်ဘက် တိမ်းရှောင်နေရ

တိုက်ပွဲများပြင်းထန်နေသည့် မြဝတီတွင် စစ်ဘေးရှောင် ပြည်သူများ စစ်ကောင်စီတပ်၏ လေကြောင်းကို ကြောက်၍ ထိုင်းနယ်စပ်ဘက် တိမ်းရှောင်နေရ

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဆက်တိုက် တိုက်ခိုက်မှုများကြောင့် ၂၀၂၄ ခုနှစ် ဧပြီလ (၆)ရက်နေ့တွင် ထိုင်းနယ်စပ်ဘက်သို့ စစ်ဘေးရှောင်သူ ပိုများလာကြောင်း သိရသည်။

"ဒေသခံတွေက လေယာဉ်ကိုကြောက်လို့ မဲဆောက်ဖက်ကို အများအားဖြင့် ပြောင်းနေကြတာပေါ့နော်။ မဲဆောက်ကို တံတားကနေ ဝင်နေကြတာ။ လူတွေ ပိတ်မိနေတာတော့မရှိဘူး။ မြန်မာပြည်ဘက်ခြမ်းက လုပ်ဆောင်မှု နှေးကွေးတာတော့ရှိတယ်။ ထိုင်းဘက်ကတော့ ပုံမှန်ပါပဲ။”ဟု မဲဆောက်ကို တိမ်းရှောင်လာသည့် ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

မြဝတီ - မဲဆောက်ကို ဆက်သွယ်ထားသည့် မြန်မာ - ထိုင်းနယ်စပ်ချစ်ကြည်ရေးတံတားရှိ စစ်ကောင်စီဝန်ထမ်းများ အလုပ်လုပ်နေသည်မှာ ယုံကြည်မှုမရှိဘဲ စိုးရိမ်စိတ်များနေသည်ဟုလည်း မဲဆောက်မြို့သို့ ပြောင်းလာသည့် မြဝတီမြို့ဒေသခံတစ်ဦးက Tachileik News Agency ကိုထပ်မံ အတည်ပြုသည်။ 



ယင်းအပြင် ဧပြီလ (၆)ရက်နေ့ နေ့လည်ပိုင်းမှစ၍ မြဝတီမြို့တွင် မြန်မာဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်သွားခဲ့ပြီး  ထိုင်းအင်တာနက်လိုင်းနှင့် နယ်စပ်နှင့်နီးသည့်နေရာများတွင် ထိုင်းဖုန်းလိုင်းကို အသုံးပြု၍ရနေကြောင်း သိရသည်။

“ဖုန်းလိုင်းရော အင်တာနက်လိုင်းရော ခုနလေးကမှ ပြတ်တာ။ ပြီးလို့ရှိရင် ဘဏ် OTP ကုဒ်တွေလည်း လုံးဝမကျတော့ဘူးပ။ လိုင်းဖြတ်ပြီဆိုတော့ မကျတော့ဘူးပေါ့။ ကျွန်တော့်အထင်တော့ မြဝတီမြို့အဝင်က တပ်ရင်းကို သိမ်းလိုက်တယ်ဆိုတော့ သူတို့တွေ(စစ်ကောင်စီ)က မြို့ကိုလည်း အမှောင်ချမယ့် အနေအထားမျိုးပေါ့”ဟု မြဝတီဒေသခံက ဆိုသည်။



မြဝတီမြို့ဒေသခံများမှာ မဲဆောက်ကို အမှတ်(၁)ချစ်ကြည်ရေးတံတားမှ ဝင်ရောက်လာကြခြင်းဖြစ်ပြီး ထိုင်းအာဏာပိုင်းများကလည်း မဲဆောက်အဝင်ရှိ ဂိတ်များတွင် ကားကြီးများဖြင့် ကင်းထောက်နေသည့်အပြင် လေယာဉ်များဝဲနေကြောင်း သိရသည်။

“အခုအခြေအနေအရ မဲဆောက်မှာ အိမ်တောင်မရှိတဲ့ အနေအထားဖြစ်နေတယ်။ မဲဆောက်မှာ အိမ်ခန်းတွေ၊ တန်းလျားတွေ ပြည့်သလောက်ဖြစ်သွားတဲ့အနေအထားဖြစ်သွားတယ်။ ပြောင်းနေကြတာတော့ ကြာပြီ။ အရင်က တစ်ပတ်နေလိုက်ပြန်လိုက်ပေါ့။ အခုဒီနှစ်ရက်အတွင်းမှာ တော်တော်များတယ် ပြောင်းလာတယ်။ မဲဆောက် ဘက်မှာ ရပ်တဲ့ကားမှန်သမျှ မြန်မာက ကားတွေဖြစ်နေတယ်။”ဟု မဲဆောက်ရောက် မြန်မာတစ်ဦးက ပြောသည်။

မြဝတီမြို့၊ သင်္ဃန်းညီနောင်နှင့် ကော့ကရိတ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက ယမန်နေ့ ကတည်းက တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း Y12 လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို ဆက်တိုက်လုပ်နေသည်ဟု သိရသည်။

ယမန်နေ့က စတင်သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ သင်္ဃန်းညီနောင်ဗျူဟာမှ အင်အားများစွာ တော်လှန်ရေးအဖွဲ့ထံ လက်နက်ချသွားပြီး လက်ရှိတွင်လည်း မြဝတီမြို့အဝင်ရှိ စစ်ကောင်စီတပ်မှာလည်း လက်နက်ချသည်ဟု သတင်းများထွက်နေသည်ဟု ဒေသခံများထံမှ သိရသည်။