အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပုလဲမြို့နယ်အတွင်း မီးလောင်ဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စု (၁၀၀)ကျော်အတွက် မီးဖိုချောင်သုံး ပစ္စည်းများ ထောက်ပံ့

  Photo: အညာပစ်တိုင်းထောင်လေးများအဖွဲ့
  Photo: အညာပစ်တိုင်းထောင်လေးများအဖွဲ့
အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပုလဲမြို့နယ်အတွင်း မီးလောင်ဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စု (၁၀၀)ကျော်အတွက် မီးဖိုချောင်သုံး ပစ္စည်းများ ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ အကြမ်းဖက် မီးရှို့ဖျက်ဆီးခံရမှုကြောင့် ဆုံးရှုံးပျက်စီးခဲ့ရသည့် နေအိမ်များအတွက် အညာပစ်တိုင်းထောင်လေးများအဖွဲ့က အိမ်ထောင်စု (၁၀၄)စုစာအတွက် မီးဖိုချောင်သုံး ပစ္စည်းများ လှူဒါန်းပေးခဲ့ကြောင်း  သိရသည်။

"ကျွန်တော်တို့ အဖွဲ့အနေနဲ့ (၁၀)ကြိမ်မြောက် လှူဒါန်းမှူဖြစ်ပြီး တစ်အိမ်ထောင်ကို ဆီ(၁)ဗူး၊ ဒန်အိုး(၁)လုံး၊ ဒယ်အိုး (၁)လုံး၊ ဇလုံ၊ ဇွန်းကြီး၊ ဇွန်းသေး၊ ခွက် နဲ့ ငါးသေတ္တာ(၁)ဗူးစီ လှူဒါန်းနိုင်ခဲ့ပါတယ်။ အခုလို လှူဒါန်းနိုင်ဖို့ ကူညီပေးတဲ့ ထိုင်းရောက် မြန်မာများကိုလည်း ကျေးဇူးတင်ပါတယ်"ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဦးဆောင်သူ တစ်ဦးက ပြောသည်။



ထိုင်းနိုင်ငံ မဟာချုင် ဝေလ(၉)လမ်းတွင် ၂၀၂၃ခုနှစ် ဧပြီလ(၁၃)(၁၄)ရက်နေ့များက ကျင်းပခဲ့သည့် လမ်းလျှောက် သင်္ကြန် ရန်ပုံငွေပွဲတော်အတွင်းမှ ရရှိထားသည့် လှူဒါန်းငွေများဖြင့် ယခုလို ပြန်လည် ဒါန်လှူဒါန်းခြင်း ဖြစ်ကြောင်းနှင့် လက်ဝယ်အရောက် လှူဒါန်းရာတွင် ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ရင်း(၂၈)မှ ရဲဘော်များနှင့် ယင်းမာပင်ခရိုင် ပအဖအဖွဲ့မှ တာဝန်ရှိသူများ ပါဝင်ကူညီခဲ့ကြကြောင်း သိရသည်။

ယနေ့ မေလ(၅)ရက်နေ့တွင်လည်း ရက်ရှည် စစ်ဘေးရှောင်နေရသည့် အိမ်ထောင်စု (၁)စုကိုလည်း စုစုပေါင်း ကျပ်ငွေ (၇၄,၄၀၀)တန်ဖိုးရှိ ဆန်၊ ဆီ၊ မိုးကာ နှင့် စားသောက်ကုန်များ ပါဝင်သည့် ပစ္စည်းများကို ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်းလည်း သိရသည်။

 

"ကျွန်တော်တို့ အဖွဲ့သားတွေရဲ့ နားရက်လေးမှာ ပြည်သူတွေကို တတ်နိုင်သလောက် လှူဒါန်းဖြစ်ပါတယ်။ ဆန်(၁)တင်း၊ ဆီ(၁)ပိဿာ၊ ဆပ်ပြာ(၁)ဗူး၊ မိုးကာ (၁)ချပ် နဲ့ ငါးသေတ္တာ(၁)ဗူး လှူဒါန်းနို်ငခဲ့ပါတယ်။ စစ်ရှောင်မိသားစုအနေနဲ့ အမိုးအကာ မလုံတဲ့အပြင် စားဝတ်နေရေးအတွကလည်း အခက်အခဲရှိနေပါတယ်"ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဦးဆောင်သူ တစ်ဦးက ပြောသည်။ 



စစ်ကိုင်းတိုင်းအတွင်း ကျေးရွာများတွင် အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ နေ့စဉ်နီးပါး တစ်ရွာပြီး တစ်ရွာပြုလုပ်နေသည့်အတွက် လိုအပ်သည့် နေရာများတွက် ဆက်လက်လှူဒါန်းနိုင်ရန် အလှူရှင်များ၏ အကူအညီများ ဆက်လက် လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။



အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများကို ပြုလုပ်သလို အာဏာသိမ်းစစ်တပ်၏ ထိုးစစ်ဆင် အကြမ်းဖက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ပြည်သူများ နှင့် မီးရှိုးခံရသည့် ကျေးရွာနေ ပြည်သူများအား လိုအပ်သည်များကို ကူညီပေးနေသည့် အဖွဲ့ဖြစ်သည်။