မြို့ ၃ မြို့ကို တစ်လအတွင်း သိမ်းနိုင်ပြီး စစ်သင်္ဘော ၃ စီးကို ဖျက်ဆီးနိုင်ခဲ့ဟု AA ထုတ်ပြန်

မြို့ ၃ မြို့ကို တစ်လအတွင်း သိမ်းနိုင်ပြီး စစ်သင်္ဘော ၃ စီးကို ဖျက်ဆီးနိုင်ခဲ့ဟု AA ထုတ်ပြန်
ဖေဖော်ဝါရီ 11, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် မင်းပြား၊ ကျောက်တော်နှင့် မြောက်ဦးမြို့များရှိ စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ စကခဌာနချုပ်၊ တပ်ရင်းဌာနချုပ်၊ ရဲတပ်ရင်းစခန်းများနှင့် ရဲစခန်းများ တစ်ခုမကျန်ကို အပြီးသတ် သိမ်းပိုက်ရယူထားပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော်ထံမှ သိရသည်။

အဆိုပါ (၃)မြို့လုံးမှ စစ်ကောင်စီတပ်စခန်းများအားလုံးကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရန် စတင်ထိုးစစ်ဆင် တိုက်ခိုက်သည့်ရက်မှ နောက်ဆုံး စခန်းကို သိမ်းပိုက်လိုက်သည့်အချိန်အထိ တစ်လကျော်ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

ထိုးစစ်မစတင်မီကပင် အဆိုပါစခန်းအများစုအား ရက္ခိုင့်တပ်တော်မှ နှစ်ရှည်လများ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားပြီးဖြစ်ကာ အချို့သောစခန်းများကို သိမ်းပိုက်ရန် ရက်အနည်းငယ်မျှသာ ကြာမြင့်သော်လည်း အချို့သောစခန်းကြီးများကို ရက်သတ္တပတ် (၃)ပတ်မှ (၄) ပတ်ကျော်အထိ အပြင်းအထန် တိုက်ခိုက်ခဲ့ရသည်ဟု သိရသည်။

လက်နက်ချအညံ့ခံသူများ၊ အလံဖြူထောင်သူများနှင့် စစ်အတွင်းဖမ်းဆီးရမိသော စစ်သုံ့ပန်းများအား နိုင်ငံတကာဥပဒေ၊ ဂျီနီဗာကွန်ဗင်းရှင်းအတိုင်း အသက်ချမ်းသာရာပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ကာ ၎င်းတို့၏ဆန္ဒအတိုင်း အလေးထား ဆောင်ရွက်ပေးပြီး လက်နက်ချအညံ့မခံသေးသော စခန်းတိုင်းကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမရက်သတ္တပတ်အတွင်း ဖြစ်ပွားခဲ့သော ရေကြောင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ စစ်သင်္ဘောများအား AA အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ တိုက်ခိုက်နိုင်ခဲ့ကာ စစ်ကောင်စီ၏ စစ်သင်္ဘော (၂)စီး၊ ဇက်သင်္ဘော (၁)စီးတို့အား  ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ ရေထဲနစ်မြုပ်အောင် ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ သင်္ဘော(၃)စီးအား ကယ်တင်ရန် ထပ်မံ၍လာခဲ့သော အခြားသော စစ်သင်္ဘော(၄)စီးကိုလည်း အနားမကပ်နိုင်ရန် လမ်းခုလတ်တွင် တိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

ရေကြောင်းတိုက်ပွဲအတွင်း စစ်ကောင်စီသည် လေကြောင်းမှ ရဟတ်ယာဉ်၊ ဒရော့ဗုံးများဖြင့် တိုက်ခိုက်နေခဲ့သည့်ကြားမှ စစ်သင်္ဘောများကို တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီ၏ စစ်သင်္ဘော (၃)စီးလုံး နစ်မြုပ်ရန်ဖြစ်နေသော အချိန်တွင် လက်နက်ချအညံ့ခံရန်၊ အလံဖြူထောင်ရန် လော်စပီကာများဖြင့် (၃)ကြိမ်တိုင် ပြောကြားခဲ့သော်လည်း နားထောင်ခြင်းမရှိဘဲ တန်ပြန်ခုခံတိုက်ခိုက်နေသေးသည့်အပြင် လေကြောင်းမှ ဒရော့ဗုံးများဖြင့် အပြင်းအထန် ခုခံကာကွယ်ရန် ကြိုးစားခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါသင်္ဘော (၃)စီးပေါ်တွင် လိုက်ပါလာသောသူများ အသက်ချမ်းသာရာရရှိမည့် အခွင့်အရေးအဖြစ် နောက်ဆုံးအကြိမ် အချိန်နာရီဝက် အချိန်ထပ်ပေးရာတွင်လည်း စစ်ကောင်စီတပ်က ဒရော့ဗုံးများဖြင့် စုပြုံပစ်လာရောက် တိုက်ခိုက်နေခဲ့သောကြောင့် AAတပ်ဖွဲ့ဝင် (၁၀)ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျဆုံးသူအချို့ ရှိခဲ့သည်ဟု ဆိုသည်။

လက်နက်ချအညံ့ခံရန် ပြောကြားသည်ကို နားထောင်ခဲ့ပါက သင်္ဘောပေါ်ပါလာသောသူများမှာ အသက်ချမ်းသာခွင့် ရရှိကြမည်ဖြစ်ပြီး အမှန်တကယ်တွင်လည်း အဆိုပါဖြစ်စဉ်၌ အသက်မသေဘဲ ရေကူးလွတ်မြောက်လာသောသူများစွာတို့အား AAက ကယ်တင်ထားနိုင်ခဲ့ပြီး ကယ်တင်ရာတွင် AAရဲဘော်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

စစ်ကောင်စီ၏‌ ရေတပ်စစ်သင်္ဘော(Navy)၊ ဇက်သင်္ဘောများသည် ၎င်းတို့ချီတက်ရာလမ်းကြောင်း တစ်လျှောက်ရှိ မြစ်၊ ချောင်း နံဘေးရှိ ကျေးရွာများအား စစ်သင်္ဘောများပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများကို နှစ်ရှည်လများ ပြုလုပ်သဖြင့် စစ်ကောင်စီ၏ ရေတပ်အား လက်တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်ဟု ဆိုသည်။

နိုဝင်ဘာလ (၁၃)ရက်နေ့မှစ၍ ရခိုင်နှင့် ပလက်ဝဒေသတို့တွင် AAထံ လက်နက်ချ အညံ့ခံသော စစ်ကောင်စီတပ်သားများနှင့် 

မိသားစုဝင်များကို ကောင်းစွာလက်ခံပြီး ကောင်းစွာကျွေးမွေးထားသည်ဟုလည်း ထုတ်ပြန်သည်။

#TachileikNewsAgency

Photo: AA Info Desk