စစ်ကိုင်းတိုင်း မြောင်မြို့နယ် မြစ်ဆုံရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ နေ့လယ်ပိုင်းတွင် တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်သွားသည့်အတွက် ရှင်လောင်းလှည့်နေသူများ ထွက်ပြေးကြရပြီး အလှူလည်း ပျက်သွားရကြောင်း ဒေသခံများထံမှ သိရသည်။
“ရှင်လောင်းလှည့်နေတဲ့ရွာနဲ့က ဘေးတစ်ဖက်စီက ရွာတွေပေါ့ဗျာ။ ဗုံးကြဲတော့ ရှင်လောင်းလှည့်တဲ့ နေရာတွေပါ မြေတွေက တုန်ခါသွားတာပေါ့။ ရှင်လောင်းလှည့်နေတဲ့ အချိန်ဆိုတော့ သေနတ်နဲ့တောက်လျောက်ပစ်သံတွေက လည်းကြားနေပြီးတော့၊ လေယာဉ်ကလည်း ခေါင်းပေါ်က ဖြတ်ပျံသွားတာဆိုတော့ လူအုပ်ကိုလာပစ်တယ် ထင်ပြီး ရှင်လောင်းလှည့်နေရင်းနဲ့ ထွက်ပြေးကြရတော့ အလှူလည်းပျက်သွားတာပေါ့။”ဟု CDSOM တပ်ဖွဲမှ ကိုနွေဦးက Tachileik News Agency ကို ပြောသည်။
စစ်ကောင်စီသည် မြစ်ဆုံရွာကို တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံး(၂)လုံးကြဲချပြီးနောက် စက်သေနတ်နှင့်လည်း ပစ်ခတ်သွားသဖြင့် လူထိခိုက်မှုမရှိသော်လည်း အဆောက်အဦးတချို့ပျက်စီးသွားသည်ဟု ဆိုသည်။
“မြစ်ဆုံရွာကိုလာပြီး ဗုံးနှစ်လုံးကြဲချပြီး စက်သေနတ်တွေနဲ့ပစ်ခတ်သွားတယ်ဗျ။ ဗုံးနှစ်လုံးကျတဲ့ အဆောက် အဦးနှစ်လုံးကတော့ ပျက်စီးသွားတယ်။ လူတွေကော ပြည်သူတွေကော အဆောက်အဦးထဲမှာမရှိတဲ့အတွက်ကြောင့်မို့လို့ ထိခိုက်ဒဏ်ရာတော့ မရှိလိုက်ပါဘူးဗျ။”ဟု ကိုနွေဦးက ပြောသည်။
မန္တလေးတိုင်း မြင်းခြံမြို့နယ် တလုပ်မြို့ရွာက စစ်ကောင်စီအထိုင်စခန်းများကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်စဉ် မြောင်နယ်မှ PDF တပ်များလည်း ပါဝင်သည့် သတင်းကို စစ်ကောင်စီတပ်ဘက်က ရရှိထားသဖြင့် လေကြောင်းဖြင့် လာရောက်တိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။
စစ်တပ်အာဏာသိမ်းခြင်း (၄)နှစ်ပြည့်သည့်နေ့ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် တလုပ်မြို့ရွာရှိ စစ်ကောင်စီတပ် စခန်းကို တော်လှန်ရေးတပ်များဘက်က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သည် Y12 လေယာဉ်ဖြင့် ဗုံး အလုံး(၅၀)ကျော်ဗုံးကြဲသည့်အပြင် ဖေဖော်ဝါရီလ(၂)ရက်နေ့ ညပိုင်းတွင်လည်း လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၂)ဦးသေဆုံး၍ (၇)ဦးဒဏ်ရာရရှိသည်။
စစ်ကောင်စီတပ်သည် ၂၀၂၅ခုနှစ်အတွင်း လေကြောင်းပြန်လည်တိုက်ခိုက်မှုသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု လည်း သိရသည်။