ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိ

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိ
နိုဝင်ဘာ 5, 2023 | 2021 Military Coup| အခြားဒေသများ

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့နှင့် (၂၇)ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ ခမရ(၃၅၈)၊ ၅၅၈၊ ခလရ (၅၆၁)၊ (၅၅၇)မှ အင်အား (၁၀၀)ခန့်ရှိသည့် စစ်ကြောင်းသည် ကြာအင်းဆိပ်ကြီးမြို့နယ် ဖိုးချီးမူးစခန်းသို့ ရိက္ခာနှင့် လက်နက်ခဲယမ်း ပို့ဆောင်ရန်လာရာ တော်လှန်ရေး ပူးပေါင်းအဖွဲ့များက အဇင်းကျေးရွာအနီး နှစ်ရက်ဆက်တိုက် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် အထိနာသည့် စစ်ကောင်စီစစ်ကြောင်းသည်  ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး နိုဝင်ဘာလ (၂)ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့တွင်းရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံး၊ လဝကရုံး၊ သစ်တောရုံးနှင့် မီးသတ်ရုံးတို့အား KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F၏ စစ်ကြောင်း (၂) စစ်ကြောင်းမှူးဦးဆောင်သော တပ်ဖွဲ့၊ lion battallion စစ်ကြောင်း၊ ပုဏ္ဏကတပ်ဖွဲ့၊ Cloud Wingsဒရုန်းတပ်ဖွဲ့မှ နေရာစုံ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၁၁)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရကာ MA-1 သေနတ်တစ်လက်၊ MA-2 စက်လက်တစ်လက်၊ ပူးတွဲဗုံးလောင်ချာတစ်လက်၊ ကျည်အိမ်(၁၅)ခု၊ (၅.၅၆)ကျည် (၇၉၀)တောင့်၊ ဦးထုပ်နှင့် ကျည်ကာတစ်စုံ၊ ကွန်ပျူတာနှင့် မှတ်တမ်းအချို့သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ (၂)ရက်နေ့တွင်ပင် စစ်ကောင်စီ၏ နယ်စပ်အထိုင်စခန်းဖြစ်သော ကွီလုံတိုင်စစ်စခန်းအား KNLA၊ အထူးစစ်ဆင် ရေးတပ်ဖွဲ့ - S.O.F ၏ တပ်ဖွဲ့မှုးဦးဆောင်သောစစ်ကြောင်း ၊ Federal Wings၊ SOG၊ Cloud wings ဒရုန်းတပ်ဖွဲ့များမှ စခန်းအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၄)ဦး သေဆုံးပြီး အချို့မှာ စခန်းစွန့်ခွာထွက်ပြေးခဲ့ကြသည်ဟု သိရသည်။

တိုက်ပွဲများအတွင်း S.O.Fနှင့် ပူးပေါင်းအဖွဲ့များမှလည်း ရဲဘော်အချို့ ကျဆုံးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency