လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အန္တရာယ်မှ ကာကွယ်ရန် ပြည်သူများ အကာအကွယ်နှင့် လုံခြုံသည့်နေရာများ စီမံထားရန် ပကဖ သတိပေး

လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အန္တရာယ်မှ ကာကွယ်ရန် ပြည်သူများ အကာအကွယ်နှင့် လုံခြုံသည့်နေရာများ စီမံထားရန် ပကဖ သတိပေး

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု အန္တရာယ်မှ ကာကွယ်ရန် ပြည်သူများ အနေဖြင့် အကာအကွယ်နှင့် လုံခြုံသည့်နေရာများ စီမံထားရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) မှ ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်သည်။

လောင်းလုံးမြို့နယ်အတွင်းရှိ ပြည်သူများ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အကာအကွယ်နှင့် လုံခြုံသည့် အစီအမံများ ၊ ဗုံးခိုကျင်းများနှင့် အနီးဆုံးနေရာ (သို့မဟုတ်) ဗုံးခိုကျင်းများတွင် နေထိုင်ကြရန် အထူးသတိပေးကြောင်း ဖော်ပြထားသည်။

လောင်းလုံးမြို့နယ်သည် တနင်္သာရီတိုင်း၏ မြို့တော်ဖြစ်သည့် ထားဝယ်မြို့နှင့် (၁၈)မိုင်ခန့် အကွာတွင် တည်ရှိပြီး  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လှုပ်ရှားမှု အားကောင်းသည့် ဒေသတစ်ခု ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ထားဝယ်ခရိုင် အမှတ် (၁)တပ်ရင်း ၊ အမှတ် (၂)တပ်ရင်း နှင့် ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်များရှိ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များ ပူးပေါင်း၍ ထားဝယ်ခရိုင် တပ်ပေါင်းစုကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့တွင် ဖွဲ့စည်းထားသည်။

ထားဝယ်ခရိုင် တပ်ပေါင်းစုကို ထားဝယ်ခရိုင်အတွင်းရှိ လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ အားလုံးနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ၊ အမိန့်တခုတည်းအောက် ပူးပေါင်းတိုက်ပွဲဝင်နိုင်ရန် ၊ ဘုံရန်သူကို စုပေါင်းအားဖြင့် တွန်းလှန်တိုက်ခိုက်နိုင်ရန်နှင့် တူညီသည့် ဘုံရည်မှန်းချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

#TachileikNewsAgency

#TNA_LE

Photo: ဗုံးခိုကျင်းများ တူးနေကြသည့် ကရင်စစ်ဘေးရှောင်များ (ပုံဟောင်း)