ကန့်ဘလူရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးစခန်း ၄ နေရာကို တော်လှန်ရေးတပ်များ တိုက်ခိုက်

ကန့်ဘလူရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးစခန်း ၄ နေရာကို တော်လှန်ရေးတပ်များ တိုက်ခိုက်
အောက်တိုဘာ 30, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်အတွင်းရှိ ဇီးကုန်းသကြားစက် စစ်ကောင်စီတပ်၊  ပျဉ်းတော်ရွာရှိ ပျူစောထီးစခန်း၊ မူးဆုံပျူစောထီးဂိတ်နှင့် ထန်းကုန်းတိုက်နယ်အတွင်းရှိ ညောင်ဇင်လေးရွာ ပျူစောထီးစခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇီးကုန်းတိုက်နယ် ဇီးကုန်းသကြားစက်ရှိ စစ်ကောင်စီတပ်ဖွဲ့၊ ပျဉ်းတော်ရွာ ပျူစောထီးစခန်းနှင့် မူးဆုံပျူစောထီး စစ်ဆေးရေးဂိတ်များကို Kanbalu Underground Warriorsအဖွဲ့နှင့် ဒေသခံတော်လှန်ရေးအဖွဲ့များက (၈၁)မမ၊ (၆၀)မမ၊ ရှော့ဒုံးများအပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kanbalu-Underground Warriorsထံမှ သိရသည်။

ထို့နောက် ညနေပိုင်းတွင် ထန်းကုန်းတိုက်နယ်အတွင်းရှိ ညောင်ဇင်လေးရွာ ပျူစောထီးစခန်းအား KBU-UGအဖွဲ့နှင့် မြေပြင်တော်လှန်ရေးအဖွဲ့များက လက်နက်ကြီးမျိုးစုံ၊ လက်နက်ငယ်မျိုးစုံဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးအလုံး (၁၀၀)နီးပါး ပျူစောထီးစခန်းကို ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ (၂၁)ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်၊ ယောကျေးရွာရှိ ပျူစောထီးစခန်းကို Kanbalu-Underground Warriorsအဖွဲ့နှင့် ဒေသခံ တော်လှန်ရေးအင်အားစုများက လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency