ဒီပဲယင်းမြို့ပေါ်ရှိ ရဲစခန်း၊ မြို့နယ်တရားရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့တွင် စုဝေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ဒီပဲယင်းမြို့ပေါ်ရှိ ရဲစခန်း၊ မြို့နယ်တရားရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့တွင် စုဝေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ရေဦးခရိုင် ဒီပဲယင်းမြို့ပေါ်ရှိ ရဲစခန်း ၊ မြို့နယ်တရားရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့တွင် စုဝေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း Freedom Revolution Force အဖွဲ့ထံမှ သိရသည်။

ဒီပဲယင်းအထိုင်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၂၀၂၄ခုနှစ် သြဂုတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီခွဲတွင် အထုပ်အပိုးအပြည့်အစုံဖြင့် ရဲစခန်း ၊ မြို့နယ်တရားရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့တွင် စုဝေးနေကြစဉ် တော်လှန်ရေးတပ်ဖွဲ့မှ ၆၀ မမ (၅)လုံးနှင့် ၄၀ မမ (၅) လုံး တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေနှင့်ပက်သက်ပြီး ဆက်လက်စုံစမ်းနေကြောင်း Freedom Revolution Force အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဘက်မှ ထိခိုက်မှုမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၁၈) ရက်နေ့တွင် ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်ပေါင်းစုမှ သိမ်းပိုက်ခဲ့ပြီး နယ်မြေအနေအထားအရ တစ်ရက်အကြာ သြဂုတ်လ (၁၉) ရက်နေ့တွင် စစ်ကောင်စီဘက်က အင်အားအမြောက်အများနှင့် စစ်ကူရောက်ရှိလာသည့်အတွက် တော်လှန်ရေးတပ်ပေါင်းစုဘက်က ပြန်လည်ဆုတ်ခွာခဲ့ပြီး မြို့ကိုစစ်ကောင်စီမှ ပြန်လည်ထိန်းချုပ်ထားကြောင်း သိရသည်။

#TachileikNewsAgency